Thursday, August 7, 2014

၂၀၁၄ အာဆီယံ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုရေးဆွဲ

အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ၂၀၁၄ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အုပ်စုရေးဆွဲပွဲ အခမ်းအနားကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က ရှီရာတန်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အာဆီယံဒေသတွင်း လက်ရွေးစင် အမျိုးသား အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲမှာ ဒေသတွင်း အားနည်းတဲ့ (၅)သင်းဟာ ခြေစစ်ပွဲယှဉ်ပြိုင်ရပြီး ဒီနှစ်ပြိုင်ပွဲမှာတော့ မြန်မာ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ အရှေ့တီမော အသင်းတွေ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။လာအိုနိုင်ငံမှာ အောက်တိုဘာ (၈)ရက်ကနေ (၁၉)ရက်အထိ ကျင်းပမယ့် ခြေစစ်ပွဲကနေ အမှတ်အများဆုံးရတဲ့ ထိပ်ဆုံး(၂)သင်း ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။ ဆူဇူကီးဖလားလို့လည်း လူသိများတဲ့ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေကိုတော့ နိုဝင်ဘာ(၂၂)ကနေ ဒီဇင်ဘာ(၁၀)ရက်အထိ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတို့မှာ အုပ်စု(၂)စုခွဲပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အုပ်စုရေးဆွဲမှုအရ အုပ်စု(က)မှာ အိမ်ရှင်ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့အတူ ခြေစစ်ပွဲ ဒုတိယရအသင်း ပါဝင်မှာဖြစ်ပြီး အိမ်ရှင်စင်ကာပူအသင်း ပါဝင်တဲ့ အုပ်စု(ခ)မှာတော့ ထိုင်း၊ မလေးရှားတို့နဲ့အတူ ခြေစစ်ပွဲ ပထမရအသင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ၂၀၀၈ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းပြီး ဗီယက်နမ်အသင်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူး လီကောင်ဗင်ကတော့ ”အာဆီယံဒေသတွင်း အသင်းတွေရဲ့ ခြေစွမ်းက သိပ်မကွာပါဘူး။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကလည်း အသင်းကောင်းတွေမို့ အုပ်စုပွဲစဉ်တွေက ခက်ခဲမှာ အမှန်ပါပဲ။ ဒါပေမယ့် အုပ်စုရေးဆွဲထားတာ မျှတပါတယ်”လို့ ဆိုပါတယ်။

No comments:

Post a Comment

back to top