Wednesday, August 13, 2014

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တောင်မြောက် လမ်းဆုံမှ ဗထူးလမ်း အထိ လေးလမ်းသွား လမ်းမကြီး အဖြစ် ထပ်မံ တိုးချဲ့မည်

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမှတ်(၂)လမ်းမကြီး အနီးတွင် ရှိသော ဒဂုံမြို့သစ် တောင်မြောက် လမ်းဆုံမှ ဗထူးလမ်းအထိ လေးလမ်းသွား လမ်းမကြီးအဖြစ် ထပ်မံ တိုးချဲ့သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း၊ တံတား ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် အများပြည်သူ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှု ရှိစေရန်နှင့် ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် အတွက် ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းလမ်းသည် အမှတ် (၂) လမ်းမကြီးနှင့် ဆက်စပ် နေသောကြောင့် ပဲခူးမြို့သို့ သွားရာတွင်လည်း လွယ်ကူစေမည် ဖြစ်ကြောင်း၊ ယင်းအတွက် ပေပေါင်း ၂ဝ၁ဝဝဝ ကျော်ရှိ နှစ်လမ်းသွား လမ်းမကို လေးလမ်းသွားအဖြစ် တိုးချဲ့ရန် မြေတိုင်းတာခြင်းများ ပြုလုပ်ပြီးစီး ခဲ့ကြောင်း သိရသည်။
ယင်းအတွက် ခန့်မှန်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ နှစ်သန်းနီးပါး ကုန်ကျမည်ဖြစ်ပြီး ဘဏ္ဍာငွေ ခွင့်ပြုချက်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း၊ တိုးချဲ့မည့် လမ်းအတွက် အင်ဂျင်နီယာ ဒီဇိုင်းထုတ်မှုများ၊ ခန့်မှန်း တွက်ချက်မှုများ၊ ကွင်းဆင်း တိုင်းတာခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက မည်သို့ ဆောင်ရွက်မည်ကို ကြေညာ ပေးမည် ဖြစ်ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်တွင် မြောက်ဒဂုံ မြို့နယ်ရှိ ပေ ၃ဝဝဝ ကျော်ရှိ တပင်ရွှေထီးလမ်းနှင့် မင်းရဲကျော်စွာ လမ်းမတို့၌ ကတ္တရာ ထပ်ပိုးခြင်း လုပ်ငန်းများနှင့် ရပ်ကွက်များ အတွင်းရှိ လမ်းများကို ကွန်ကရစ်လမ်းများ အဖြစ် အဆင့် မြှင့်တင် နေကြောင်း၊ အခြားသော မြို့နယ် များ၌လည်း ဆက်လက် ဆောင်ရွက်သွားရန် စီစဉ် ထားရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top