Tuesday, August 12, 2014

မြေနီကုန်းခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်းများ မကြာမီ လပိုင်းအတွင်း စတင် အကောင်အထည် ဖော်မည်

ရန်ကုန်မြို့ မြေနီကုန်း လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများ မကြာမီ လပိုင်းအတွင်း စတင် အကောင်အထည်ဖော် လုပ်ဆောင်မည် ဖြစ်ကြောင်း  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။
အဆိုပါ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းကို ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အထူး စီမံကိန်း လုပ်ငန်းအနေဖြင့် အကောင်အထည် ဖော်မည်ဖြစ်ပြီး ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ သုံးစွဲရန် လျာထားကြောင်း၊ ရန်ကုန်မြို့ မြေနီကုန်း လမ်းဆုံအတွင်း  ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်နေသည့်အတွက် ခုံးကျော်တံတားအား မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယင်းအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၁၁ ခု တင်ဒါတင်သွင်း ခဲ့ပြီး ယင်းနောက် Capital Development ကုမ္ပဏီကို တည်ဆောက်ခွင့် ပြုခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ဒေါပုံနှင့် သင်္ဃန်းကျွန်း မြို့နယ် ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူး တံတား တာဝန်ယူ တည်ဆောက်ခွင့်ကိုလည်း Crown Advance ကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း၊ ယင်းတံတားအတွက် ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလျံ အကုန်အကျခံ တည်ဆောက်ရန် လျာထားကြောင်း သိရသည်။                                              
မြေနီကုန်း ခုံးကျော်တံတားသည် အရှည် ၂၁၃၂ ဒသမ ၆၅ ပေ၊ အကျယ် ၄၇ ဒသမ ၆ ပေ ရှိမည်ဖြစ်ပြီး တံတား တည်ဆောက်ရန် တင်ဒါ တင်သွင်းခဲ့စဉ်က လုပ်ငန်း အာမခံကြေး ငွေကျပ်သန်း ၁ဝဝဝ ပေးသွင်းခဲ့ရပြီး တံတား တည်ဆောက်ခွင့် မရရှိသည့် ကုမ္ပဏီများကို အာမခံစပေါ်ငွေ  ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။       

No comments:

Post a Comment

back to top