၂၀၁၅ ခုနှစ် ပထမလေးပတ်အတွင်း ပြည်လုံးကျွတ်သန်းခေါင် စာရင်း အတိအကျ ထုတ်ပြန်ပေးသွားမည်
မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၁၅ ခုနှစ် ပထမ လေးပတ်အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ ၂၀၁၅ ခုနှစ် မတိုင်မီ ဆရာ ဆရာမများ ကောက်ယူထားသော လူဦးရေစာရင်း အကြမ်းဖျင်းကို ယခုလ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာရင်းထုတ်ပြန်ပေးရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ အရေအတွက် ၊ အမျိုးသားအရေအတွက် ၊ အမျိုးသမီးအရေအတွက်၊ အိမ်ထောင်စုစာရင်းအရေအတွက်ဟူ၍ နံပတ်စဉ်လေးမျိုးဖြင့် တစ်နိုင်ငံလုံးအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၌ ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် သွားလာရခက်ခဲသော ဒေသများနှင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ရှိ စာရင်းကောက်၊ စာရင်းစစ် ၁၂၀၀၀၀ ကျော်ကို ကမ္ဘာ့ကုလသမဂ္ဂ ရန်ပုံငွေအဖွဲ့ (UNFPA) က အမေရိကန်ဒေါ်လာ သန်း ၂၀ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းမကောက်ယူခဲ့သည်မှ နှစ်ပေါင်း ၃၀ နီးပါးခန့်ရှိခဲ့ပြီဖြစ်ရာ ၂၀၁၄ ခုနှစ်တွင် ပြန်လည်ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူသည့် သန်းခေါင်စာရင်းသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံကောက်ယူခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သော လူမျိုးများကို ကာယကံရှင်က ပြောကြားသည့်အတိုင်း ဖြည့်စွက်ခဲ့ကြောင်း သြဂုတ်လ ၁၂ ရက်နေ့ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ဖော်ပြထားပါသည်။
No comments:
Post a Comment