Wednesday, August 6, 2014

ယူကရိန်း ပဋိပက္ခများ ဖြစ်ပေါ်နေစဉ် အတွင်း နေတိုး အဖွဲ့ဝင် နိုင်ငံများက ကာကွယ်ရေး အစီအစဉ် သစ်များ ရေးဆွဲမည်

ယူကရိန်းနိုင်ငံတွင် ရုရှား၏ ကျူးကျော်ရန်စမှုများနှင့် ရင်ဆိုင်နေရစဉ်အတွင်း နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင် ငံများ အနေဖြင့် ကာကွယ် ရေး အစီအစဉ်သစ်များကို ရေးဆွဲသွား မည်ဖြစ်ကြောင်းနေတိုးတပ်ဖွဲ့ အကြီးအကဲ အန်ဒါစ်ဖော့ရက်စ်မြူဆန်က သြဂုတ်၃ ရက်တွင် ပြု လုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံ၏ ကျူးကျော်ရန်စမှုများသည် ဥရောပ နိုင်ငံများအတွင်း လုံခြုံရေး အခြေအနေသစ်တစ်ရပ် ထူထောင်ရန် သတိပေးချက် တစ်ရပ်ကို ဖြစ်ပေါ် စေခဲ့ကြောင်းနှင့်  မိမိတို့အနေဖြင့် စစ်ရေးလေ့ကျင့် မှုများကို တိုးမြှင့်သွားမည် ဖြစ်သည့်အပြင် ကာကွယ်ရေး အစီအစဉ်သစ်များကိုလည်း ပြင်ဆင်ရေးဆွဲ သွားမည် ဖြစ်ကြောင်းရက်စ်မြူဆန် က ပြင်သစ်ပြည်တွင်း သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။
အလားတူ နေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်များကို တိုးမြှင့်သွားရန် တိုက်တွန်းကြောင်း၊ လွန်ခဲ့သော ငါးနှစ် အတွင်းက ရုရှားနိုင်ငံသည် ၎င်းတို့၏  ကာကွယ်ရေး အသုံးစရိတ်ကို ၅ဝ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ချိန်တွင် နေတိုးအဖွဲ့ဝင် နိုင်ငံများက ၎င်းတို့၏ ကာကွယ်ရေး အသုံးစရိတ်ကို ပျမ်းမျှ ၂ဝ ရာခိုင်နှုန်းထိ လျှော့ချခဲ့ကြောင်း၊ ယခုအခါအဆိုပါ လုပ်ဆောင်ချက်ကို ပြောင်းလဲ သင့်ပြီဖြစ်ကြောင်း ရက်စ်မြူဆန်က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ရုရှားလိုလားသော ခွဲထွက်ရေးသမားများကို ရုရှားက အကူအညီ အထောက်ပံ့များ ပေးအပ်နေမှုနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဥရောပနိုင်ငံများက အမျက်ဒေါသ ထွက်လျက်ရှိကြောင်း သိရ သည်။

No comments:

Post a Comment

back to top