Saturday, July 5, 2014

Miss Universe Myanmar 2014 ဆန်ခါတင် အလှမယ်များ ထိုင်းနိုင်ငံ ဖူးခက်သို့ စခန်းဝင် လေ့ကျင့်ရန် ထွက်ခွာ 

Miss Universe Myanmar 2014 ပြိုင်ပွဲဝင် ဆန်ခါတင် အလှမယ် ၂ဝ ဦးနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေသို့ ယနေ့နံနက် ၁ဝ နာရီခွဲတွင် Bangkok Airways လေကြောင်းလိုင်း ခရီးစဉ်ဖြင့် ထွက်ခွာ သွားကြောင်း သိရသည်။
ယခု ခရီးစဉ်သည် ပြိုင်ပွဲဝင် အလှမယ်လေးများ ပြည်ပခရီး အတွေ့အကြုံ ရစေရေးသာမက ခရီးစဉ်အတွင်း ပြိုင်ပွဲအကြို စခန်းဝင် လေ့ကျင့်မှု များကို ပြုလုပ်သွားမည် ဖြစ်သည်။ အလှမယ်များ နောက်ဆုံးပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်မှုများကို ထိုင်းနိုင်ငံ Miss Grand International Co.,Ltd နှင Holiday Television Co., Ltd. ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Nawat Itsaragrisil က ဦးစီး လေ့ကျင့်ပေး သွားမည် ဖြစ်သည်။   အဆိုပါ ခရီးစဉ် တစ်လျှောက် ထိုင်းရုပ်သံ မီဒီယာများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့်   အွန်လိုင်း မီဒီယာများတွင်   ရိုက်ကူး ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၈ ရက်တွင် ဖူးခက်ရှိ Phuket Orchid Resort Hotel ၌ Miss Myanmar - Thailand Friendship Special Award ပြိုင်ပွဲကို ကျင်းပကာ    အလှမယ်များ ထဲမှ တစ်ဦးကို Title ဆုချီးမြှင့်မည် ဖြစ်ပြီး ထိုင်းမီဒီယာများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွား ကုမ္ပဏီများမှ အကဲဖြတ် ရွေးချယ်ပေးမည်ဖြစ်သည်။ အဆိုပါ ဆုကို ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ၌ ကျင်းပမည့် Miss Universe Myanmar 2014 ပြိုင်ပွဲကြီးတွင် ကြေညာ ပေးအပ်သွားမည်ဖြစ်သည်။
ယခုခရီးစဉ်မှာ ခြောက်ရက်ကြာမည် ဖြစ်ပြီး ဇူလိုင် ၉ ရက်ညတွင် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိ မည်ဖြစ်သည်။ အလှမယ် အဖွဲ့သည် ရန်ကုန်တွင် ဇူလိုင် ၁၆ ရက်မှ ၂၄ ရက်ထိ စခန်းဝင် လေ့ကျင့်သွား မည် ဖြစ်သည်။ အမျိုးသား ဇာတ်ရုံ၌ ဇူလိုင် ၂၅ ရက်တွင် ပြိုင်ပွဲအတွက် အစမ်း လေ့ကျင့်ပြီး ဇူလိုင် ၂၆ ရက် တွင် နောက်ဆုံးပြိုင်ပွဲကို  ခမ်းနားလှပစွာ ဖျော်ဖြေရေး အစီအစဉ်များဖြင့်  ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

 

No comments:

Post a Comment

back to top