Wednesday, July 30, 2014

ကလစ်ပါအသင်း အရောင်းအ၀ယ်ကို ဆက်လက် ဆောင်ရွက်ဖို့ တရားရုံးက အမိန့်ချ 


ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘောအသင်း လော့စ်အိန်ဂျယ်လိစ်ကလစ်ပါအသင်းကို စံချိန်တင် ရောင်းဈေး ဒေါ်လာ(၂)ဘီလျံနဲ့ ၀ယ်မယ့်ကိစ္စကို ဆက်လက် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ 
လော့အိန်ဂျယ်လိစ်မြို့ အထက်တရားရုံး တရားသူကြီး မိုက်ကယ်လီဗာနက်က အဲဒီရောင်းအ၀ယ်ကိစ္စဟာ ကန့်ကွက်မှု ရှိပေမယ့် ဆောင်ရွက်နိုင်ပါတယ်လို့ တနင်္လာနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ကလစ်ပါဘတ်စကက်ဘောအသင်းကို မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်ဟောင်း စတိဘောလ်မားကို ရောင်းမှာဖြစ်ပြီး ပိုင်ရှင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်နယ်စတားလင်းက ကန့်ကွက်နေတာ ဖြစ်ပါတယ်။ အဲဒီအရောင်းအ၀ယ်ဖြစ်ဖို့ အကျိုးဆောင်နေတာက စတားလင်းရဲ့ ကွဲနေတဲ့ဇနီး ရှယ်လီစတားလင်း ဖြစ်ပါတယ်။ စတားလင်းဟာ ကလစ်ပါအသင်းရဲ့ ပိုင်ရှင်ဟောင်းဖြစ်ပြီး လူမျိုးရေး ခွဲခြားတဲ့ စကားပြောမိလို့ NBAပြိုင်ပွဲတွေကနေ ရာသက်ပန် ထုတ်ပယ် ခံထားရပါတယ်။ သူကတော့ သူ့ကန့်ကွက်ချက် မအောင်မြင်ပေမယ့် အယူခံဆက်ဝင်မယ်လို့ ပြောပါတယ်။ တရားသူကြီး မိုက်ကယ်လီဗာနက်က "စတားလင်းဟာ အသင်းရောင်းဖို့ ကိစ္စကို သဘောတူခဲ့တယ်လို့ ယုံကြည်ရတဲ့ အကြောင်းပြချက်တွေ သူ့ဇနီးရှယ်လီဆီမှာ ရှိပါတယ်"လို့ ပြောပါတယ်။ ကလစ်ပါအသင်းကို (၃၃)နှစ်ကြာ ပိုင်ဆိုင်ခဲ့တဲ့ စတားလင်းကလည်း NBAရယ်၊ လိဂ်ကော်မရှင်နာ အဒမ်ဆေးလ်ဗားရယ်နဲ့ သူ့ဇနီးတို့ကို တရားစွဲထားပါတယ်။ဘတ်စကက်ဘော အသင်းကို သူ့ဆီကနေ တရားမ၀င် ရယူသွားတဲ့ စွဲချက်နဲ့ တရားစွဲတာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top