Wednesday, July 30, 2014

သစ်သီးဝလံ အခြေခံ စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း မန္တလေးမြို့၌ ဖွင့်လှစ်မည်

မြန်မာနိုင်ငံအတွင်း ရာသီအလိုက် ထွက်ရှိသော သစ်သီးဝလံများကို ထုတ်လုပ်သည့် အခြေခံစားသောက်ကုန် ထုတ်လုပ်နည်း ပညာသင်တန်းကို ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ သင်တန်းကို ပြည်ပမှ တင်သွင်းလာသော စားသောက်ကုန်များ နေရာတွင် မိမိနိုင်ငံအတွင်း ရာသီအလိုက် ထွက်ရှိနေသော သစ်သီးဝလံများကို တာရှည်ခံ နည်းပညာများ အသုံးပြု၍ ဘေးအန္တရာယ် ကင်းရှင်းသော ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန်များ ထုတ်လုပ် ရောင်းချနိုင်ရန်နှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
''သစ်သီးဝလံ အခြေခံစားသောက်ကုန် ထုတ်လုပ်နည်းပညာ သင်တန်း တက်ရောက်လိုသူများကို စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ဖြစ်သည်အထိ လိုအပ်သည်များကို မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရှိ ပညာရှင်များက ပံ့ပိုး ကူညီပေးသွားမှာပါ။ သင်တန်းဆင်း လက်မှတ် ပေးအပ်သွားမှာဖြစ်ပြီး သင်တန်းဆင်းလက်မှတ် ရရှိပြီးပါက လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်မှာပါ''ဟု မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ သင်တန်းကြေးကို တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ ဖြင့် တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကုန်ကျစရိတ် အချိုးကျ ကျခံရ မည်ဖြစ်သည်။ သင်တန်းတွင် သဘာဝသစ်သီး ဖျော်ရည်မျိုးစုံ၊ သစ်သီးယိုမျိုးစုံနှင့် ဂျယ်လီထုတ်လုပ်နည်း၊ ဝိုင်ထုတ်လုပ်ငန်း၊ ဆော့စ်၊ ပဲနို့ရည်၊ ပြောင်းဖူးနို့ရည်များ ထုတ်လုပ်နည်း၊ အစားအသောက်သုံး ဓာတုဆေးဝါးများ အကြောင်းနှင့် အသုံးပြုနိုင်သည့် သတ်မှတ် အချိုးအစားများ စသည့် နည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။            

No comments:

Post a Comment

back to top