Thursday, July 17, 2014

ရန်ကုန်မြို့တွင် ဆိုက်ဘာစီးတီး တည်ဆောက်ရန် ဧက ၅ဝဝ ကျယ်ဝန်းသည့် မြေနေရာ စီစဉ် ပေးမည်

ရန်ကုန်မြို့တွင် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်စေရန် ဆိုက်ဘာစီးတီး တစ်ခု တည်ဆောက်ရန် မြေဧက ၅ဝဝ အကျယ်အဝန်း ရှိသည့် နေရာတစ်ခု စီစဉ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် ဆက်သွယ်ရေး ကဏ္ဍတွင် ခေတ်နှင့်လျော်ညီသော အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်းအတွက် အဆောက်အဦ ပိုင်းဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို ထပ်မံဖြည့်ဆည်း ပေးရန်ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံများ နည်းတူ အဆင့်မီ ဆိုက်ဘာစီးတီး တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ တည်ဆောက်နိုင်ရန် အတွက် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ စီစဉ်ခြင်းဖြစ်ပြီး မြေနေရာကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းမြေနေရာအား မည်သည့်နေရာတွင် တည်ဆောက်နိုင်မည်ကို အတိအကျ ပြောကြားခြင်း မရှိသေးသော်လည်း ယခုအချိန်တွင် သင့်လျော်သော နေရာကို ရွေးချယ်လျက် ရှိကြောင်း၊ ထိုနေရာသည်လည်း လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် အဆင်ပြေမှု ရှိသော နေရာဖြစ်ရန် လိုအပ်ကြောင်း၊ နောင်လာမည့် နှစ်များအတွင်း မိုဘိုင်းလ် ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ အိုင်စီတီကဏ္ဍ ကုန်သွယ်မှုပမာဏသည်လည်း များစွာတိုးတက် လာဖွယ် ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
အသစ် တည်ဆောက်မည့် ဆိုက်ဘာစီးတီးတွင် အိုင်တီပိုင်းဆိုင်ရာ ဆော့ဖ်ဝဲလ် အဆောက်အအုံ ကြီးများ၊ အိုင်တီထုတ်လုပ် စက်ရုံကြီးများ၊ အိုင်တီသင်တန်း ကျောင်းများနှင့် လူနေ အဆောက်အအုံများ ပါဝင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အိုင်တီ အဆောက်အအုံ အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင် ရတနာပုံ ဆိုက်ဘာစီးတီးတို့ ရှိပြီး ၄င်းတို့မှ အိုင်စီတီ ကဏ္ဍတွင် တင်သွင်းမှု ပမာဏမှာ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်၌ အမေရိကန် ဒေါ်လာသန်း ၁၅ဝ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အိုင်စီတီး ကုမ္ပဏီပေါင်း ၈၉၃ ခုရှိပြီး မန္တလေးတိုင်း ဒေသကြီးတွင် ၁၃ ရာခိုင်နှုန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၆၂ ရာခိုင်နှုန်းတို့ရှိရာ ဆော့ဖ်ဝဲလ်နှင့် အိုင်စီတီ ကုမ္ပဏီပေါင်း ၂၅၅ ခုရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top