Thursday, July 17, 2014

စီးပွားရေးဇုန် သုံးခု၌ အာမခံ လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုမည်


မြန်မာနိုင်ငံ အတွင်း ဖော်ဆောင်လျက် ရှိသည့် အထူး စီးပွားရေးဇုန် သုံးခု၌ အာမခံ လုပ်ငန်းများ စတင် လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မြန်မာ့ အာမခံ ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ လုပ်ကိုင်ခွင့် ပြုခြင်းသည် ပြည်တွင်းရှိ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အခြေကျ ခိုင်မာရန် လိုအပ်သည့် အတွက် အထူး စီးပွားရေးဇုန်များ၌ လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံခြား အာမခံ ကုမ္ပဏီများ အနေဖြင့်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါက အထူး စီးပွားရေး ဇုန်များတွင် အာမခံ လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စည်းကမ်းချက်များ မည်ကဲ့သို့ ထားရှိမည်ကို ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း သိရသည်။
ယင်းသို့ လုပ်ကိုင်ခွင့် ပြုရာတွင် အချိန်ကာလအားဖြင့် မည်သည့်အချိန်တွင် လုပ်ကိုင်ခွင့် ပြုမည်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ လက်ရှိတွင် နိုင်ငံခြား အာမခံ ကုမ္ပဏီများကို မြန်မာနိုင်ငံ အတွင်း  လုပ်ငန်း လုပ်ကိုင်ခွင့် မပြုသေးသော်လည်း ဌာနေ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့် ပြုထားကြောင်း၊ ထို့အတွက် စီးပွားရေးဇုန်များ၌ နိုင်ငံခြားအာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုခြင်းသည် ပထမဆုံး ဖြစ်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဖော်ဆောင်နေသော သီလဝါ အထူး စီးပွားရေးဇုန်၊ ကျောက်ဖြူ စီးပွားရေးဇုန်နှင့် ထားဝယ် စီးပွားရေးဇုန် စသည့် သုံးခု၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်မှ စတင်၍ မြန်မာ့ အာမခံလုပ်ငန်းမှ ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို လုပ်ငန်း လိုင်စင်များ စတင် ချထားပေးခဲ့ကြောင်း၊ ကနဦးတွင် အသက် အာမခံ၊ မီးအာမခံ၊ ငွေပို့ငွေလွှဲ အာမခံ၊ ငွေသား လုံခြုံမှု အာမခံ၊ သမာဓိ အာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံတို့ကို လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ၂ဝ၁၄ ခုနှစ် မေလတွင် အထူး ခရီးသွား အာမခံကို ထပ်မံ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top