Monday, July 28, 2014

ချဲလ်ဆီးနည်းပြဟောင်း ရေနာရီကို ဂရိအသင်း နည်းပြအဖြစ် ခန့်အပ်



ဂရိဘောလုံး အဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းနည်းပြသစ်အဖြစ် အီတလီလူမျိုးနည်းပြ ကလော်ဒီယိုရေနာရီကို (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။ အသက်(၆၂)နှစ် ရှိပြီဖြစ်တဲ့ ၀ါရင့်နည်းပြ ရေနာရီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ နည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်နေရာကို အစားထိုး တာဝန်ယူရတာဖြစ်ပြီး ဂရိအသင်းကို ယူရို၂၀၁၆ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရအောင် အဓိက စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။
ရေနာရီက ”တစ်ခြား ကမ်းလှမ်းမှုတွေ ရှိပေမယ့် အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီးချိန်မှာတော့ ဂရိအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အသင်းကို ကြီးကြီးမားမား အပြောင်းအလဲလုပ်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ အသင်းကစားတာ အတော်လေး ကောင်းခဲ့ပါတယ်။ လက်ရှိကစားပုံကို ထိန်းသိမ်းပြီး အကောင်းဆုံးပုံစံ ရအောင် ပြုလုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ယူရို၂၀၀၄ ပြိုင်ပွဲမှာ မထင်မှတ်ပဲ ချန်ပီယံဖြစ်တဲ့အထိ ခြေစွမ်းပြခဲ့တဲ့ ဂရိအသင်းဟာ နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုတွေနဲ့ အတော်လေး ဝေးကွာလာခဲ့လို့ အခုလိုဝါရင့်နည်းပြကို ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။မေလကမှ မိုနာကိုနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရေနာရီဟာ ချဲလ်ဆီး၊ ဗလန်စီယာ၊ ဖီအိုရင်တီးနား၊ ဂျူဗင်တပ်စတဲ့ ဥရောပကလပ် အသင်းကြီးတွေကို ကိုင်တွယ်ခဲ့သူဖြစ်လို့ ဂရိအသင်းကိုလည်း ယူရိုပြိုင်ပွဲမှာ အောင်မြင်မှု ရယူပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဂရိဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရေနာရီအနေနဲ့ စက်တင်ဘာ(၇)ရက်မှာ ရိုမေးနီးယားနဲ့ ကစားမယ့် ယူရို၂၀၁၆ခြေစစ်ပွဲစဉ်မှာ ဂရိအသင်းကို စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဂရိအသင်းဟာ ယူရို၂၀၁၆ခြေစစ်ပွဲရဲ့ အုပ်စု(F)မှာ အခြားအသင်းတွေဖြစ်တဲ့ မြောက်အိုင်ယာလန်၊ ဟန်ဂေရီ၊ ဖင်လန်၊ ဖာရိုးကျွန်းစု အသင်းတွေနဲ့အတူ ကျရောက်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top