Monday, July 28, 2014

လက်မှတ်မဲ့နှင့် ရထားတန်း ကျော်စီးသူများကို လက်မှတ်တန်ဖိုး၏ ၁ဝ ဆ ဒဏ်ငွေ ကောက်မည်

ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများ သွားလာရေးအတွက် ဒုတိယမှီခို အားထားနေရသော မြို့ပတ် ရထားတွဲများ၌ လက်မှတ် မဝယ်ယူဘဲ ရထားတန်း ကျော်စီးသည့် ခရီးသည်များကို စစ်ဆေး တွေ့ရှိပါက လက်မှတ် တန်ဖိုး၏ ၁ဝ ဆ ဒဏ်ငွေ ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။
ရထားတွဲများ၌ လိုက်ပါ စီးနင်းသည့် ခရီးသွား ပြည်သူများကို မြန်မာ့မီးရထား လုပ်ငန်းမှ လက်မှတ် ဝန်ထမ်းများက နေ့စဉ် စစ်ဆေး အရေးယူလျက် ရှိနေသော်လည်း အချို့ခရီးသည် များသည် ရထားလက်မှတ် ဝယ်ယူခြင်း မရှိဘဲ ရထားတန်း ကျော်စီးသည့် ခရီးသည်များကို နေ့စဉ်ကြုံတွေ့ နေရပြီး အများစုမှာ အသက် ၁၆ နှစ်မှ ၃ဝ အကြား လူငယ်များ အများဆုံး ပါဝင်နေကြောင်း မြန်မာ့မီးရထား လက်မှတ်စစ် ဝန်ထမ်းတစ်ဦးက ပြောသည်။
မြို့ပတ်ရထား တွဲများ၌ အထူးတွဲများ တိုးချဲ့ဖြည့်တင်း ပြေးဆွဲစဉ် ကာလက အထူး လက်မှတ်နှင့် ရိုးရိုး လက်မှတ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူများ ရှိခဲ့ပြီး ပညာပေး ကာလဖြင့်လည်း အသိပညာပေး လုပ်ဆောင်မှုများ ပြုလုပ်၍ နောက်ပိုင်းတွင် အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရိုးရိုး ရထားများ၌ ရိုးရိုးတွဲ လက်မှတ်ခ နှုန်းထားမှာ ငွေကျပ် ၁ဝဝ ဖြစ်ပြီး အထူးရထားတွဲ လက်မှတ်ခ နှုန်းထားမှာ ငွေကျပ် ၂ဝဝ ဖြစ်သည့်အပြင် အထူးရထား လိုက်ပါစီးနင်းရာတွင် ဝယ်ယူရမည့် လက်မှတ်ခ ဈေးနှုန်းမှာ ငွေကျပ် ၃ဝဝ နှင့် အဲယားကွန်း ရထားလက်မှတ်ခ နှုန်းထားမှာ ငွေကျပ် ၄ဝဝ ဖြစ်သည်။
ရိုးရိုးရထား၊ အထူးရထား၊ အဲယားကွန်း ရထားများ၌ လက်မှတ်မပါဘဲ ရထားတန်း ကျော်စီးနင်း လိုက်ပါသည့် ခရီးသွား ပြည်သူများကိုလည်း အရေးယူသွားမည့် အပြင် လက်မှတ် မှားယွင်းစီးနင်းသည့် ခရီးသည်များကိုလည်း အရေးယူသွားမည် ဖြစ်ပြီး အရေးယူမှု အနေဖြင့် လက်မှတ်ခ တန်ဖိုး၏ ၁ဝ ဆကို ဒဏ်ငွေအဖြစ် ပေးချေရမည် ဖြစ်သည်။
''ရိုးရိုးရထား တွဲတွေမှာ လက်မှတ်မပါဘဲ လိုက်ပါစီးနင်း သူတွေကိုလည်း ဒဏ်ငွေ ၁ဝဝဝ ပေးဆောင် စေမှာပါ။ အထူးတွဲတွေမှာ ရိုးရိုးလက်မှတ်၊ လသုံးလက်မှတ်၊ လက်မှတ်မဲ့ လိုက်ပါစီးနင်း တာကို ဒဏ်ငွေ၂ဝဝဝ ပေးဆောင်ခိုင်းမှာပါ။ အထူးရထားမှာ လက်မှတ်မဲ့၊ လသုံးလက်မှတ်၊ ၁ဝဝ တန်၊ ၂ဝဝ တန်တွေနဲ့ လိုက်ပါ စီးနင်းရင် ၃ဝဝဝ ဒဏ်ရိုက်မှာပါ။ အဲယားကွန်း ရထားမှာ ၄ဝဝ တန် လက်မှတ်မှအပ အခြား လက်မှတ်တွေနဲ့ လိုက်ပါစီးနင်းရင် ဒဏ်ငွေ ၄ဝဝဝ ပေးဆောင်ရမှာပါ'' ဟု မြန်မာ့မီးရထား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက အသိပေး ပြောကြားသည်။

No comments:

Post a Comment

back to top