Wednesday, July 2, 2014

နာမည်ကြီး အချင်းချင်းတွဲလို့ နာမည်ကြီးတာလို့ ဆိုလာသူ ဟာသ သရုပ်ဆောင် ဒိန်းဒေါင် 

ဟာသသရုပ်ဆောင် လူရွှင်တော် ဒိန်းဒါင်နှင့်  ကိုခင်လှိုင်တို့နှစ်ဦးသည် ယခု နောက်ပိုင်းတွင် လိုက်ဖက်ညီသော ဟာသညီနောင် နှစ်ဦး ဖြစ်လာသကဲ့သို့  ပရိသတ်၏ ချစ်ခင်အားပေးမှုနှင့် ဂရုတစိုက် အားပေးမှုတို့ကို ရရှိ လာခဲ့သော   ညီနောင်နှစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ လိုက်ဖက်ညီသော အတွဲ ဖြစ်လာပုံနှင့် ပတ်သက်၍  လူရွှင်တော် ဒိန်းဒေါင်က ယခုလိုပြောပြခဲ့သည်။
''အစ်ကိုနဲ့ ခင်လှိုင်က  သူနာမည်ကြီးမှ ခင်တာမဟုတ်ဘူး။  ငယ်ငယ်လေးကတည်းက ငယ် သူငယ်ချင်းတွေ။ သူက  နာမည်ကြီး  သွားတဲ့အချိန်မှာ အစ်ကိုက လမ်းဘေးမှာ အရက်သမား ဘဝနဲ့ ကျန်ခဲ့တယ်။ အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိမ်း၊ ဘာသာရေး ဘက်ကို လိုက်စားပြီး ဒီလောကထဲ ရောက်လာတယ်။ ပြီးတော့ အစ်ကိုနဲ့ သူနဲ့က တွဲလို့ နာမည်ကြီးတာ မဟုတ်ဘူး။  နာမည်ကြီး  အချင်းချင်း တွဲတာ။ အစ်ကိုနဲ့ ခင်လှိုင်နဲ့က ငယ်သူငယ်ချင်း ဆိုတော့ ငယ်ကျိုးငယ်နာ ဖော်တယ်။ ကိုခင်လှိုင်ဆိုတဲ့  လူရွှင်တော် တစ်ယောက်ဆိုတာ တကယ်ရှားတဲ့ လူရွှင်တော် တစ်ယောက်၊ ဘက်စုံတော်တဲ့ လူရွှင်တော် တစ်ယောက်မို့ စင်ပေါ်မှာ ဘယ်လူရွှင်တော်က မဆို သူ့ကို အရေးပေးတယ်။ အဲဒီအချိန်မှာ အစ်ကိုက ငယ်သူငယ်ချင်း ဆိုတော့  သူ့ကို ပြောတယ်၊ ဆိုတယ်။ သူငယ်ချင်းဆိုတော့ မနာကြေးဆိုပြီး ပြောရဲဆိုရဲတော့ အဲဒီအချိန်မှာ ပရိသတ်က ကြည့်လို့ကောင်းသွားတဲ့ နပန်းပွဲလေးတစ်ပွဲ ဖြစ်သွားတာပါ''ဟု ကိုဒိန်းဒေါင်က ပြောပြခဲ့သည်။
ဆက်လက်၍လည်း လူရွှင်တော် ကိုဒိန်းဒေါင်က ပရိသတ် အားပေးရင် ပရိသတ်ခိုင်း သမျှ လုပ်သွားမှာပါ ဆိုတဲ့  သူ့ရဲ့စကားသံကလည်း ''အစ်ကို့ခံယူချက်က အစ်ကို့ကို ပရိသတ် အားပေးရင် ခိုင်းတာလုပ်မယ်။ ပရိသတ်က ဘာခိုင်းမလဲ။ ပရိသတ် ခိုင်းတာကို တောက်လျှောက် လုပ်သွားမယ်။ ပရိသတ် အားပေးရင် အားပေး သလောက် လုပ်သွားမှာပါ။ ပြီးတော့  အစ်ကို မသေခင်မှာလည်း အစ်ကိုရိုက်ချင်တဲ့ ဇာတ်ကားလေး ရှိပါတယ်။ အစ်ကိုတို့က ဗုဒ္ဓဘာသာတွေ၊ အစ်ကို့ဘဝမှာ အစ်ကိုသည် ကောင်းတာ လုပ်လို့ ကောင်းတာဖြစ်ခဲ့တာ ဆိုတာလေးကို  အားလုံးကို ပြချင်တယ်။ တို့ဗုဒ္ဓဘာသာမှာ ဆိုတဲ့ ရုပ်ရှင်ကားကြီးပဲ ဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲပဲ ဖြစ်ဖြစ် အစ်ကို့စိတ်ထဲမှာ လုပ်နေတာတော့ ရှိပါတယ်။ အကူအညီတွေ၊  အခွင့်အရေးတွေ ရလာရင်တော့ နိုင်ငံခြား အကူအညီတွေနဲ့   ရိုက်သွားဖို့ အတွက် စီစဉ်ထားပါတယ်''ဟု   ဒိန်းဒေါင်က ပြောပြခဲ့ပါသည်။     

 

No comments:

Post a Comment

back to top