Thursday, July 31, 2014

အမြန်လမ်း ယာဉ်အန္တရာယ်လျှော့ချရေး Information Traffic Centre များ ထားမည်


ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပေါ်နေသော ယာဉ်အန္တရာယ်များကို လျှော့ချရန်အတွက် နိုင်ငံတကာတွင် အသုံးပြုနေသော Information Traffic Centre များကို အမြန်လမ်းတွင် တည်ဆောက်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။


“အန္တရာယ် မဖြစ်အောင် အဝေးကနေ စောင့်ကြည့် စစ်ဆေးပေးနေမဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နိုင်ငံတကာမှာ တော်တော်လေး တွင်ကျယ်နေပြီ။ ဒါ့ကြောင့် ဒီမှာလည်း သုံးဖို့စီစဉ်ရခြင်းဖြစ်တယ်။ လောလောဆယ်မှာ လုပ် ပေးမယ့်ကုမ္ပဏီနဲ့ ငွေကြေး ကိစ္စကို ညှိနှိုင်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ်သည် အမြန်လမ်းပေါ်တွင် သွားလာမည့် ကားများတွင် အာရုံခံကိရိယာများ တပ်ဆင်ပေးထားမည်ဖြစ်ပြီး Information Traffic Centre မှ စီစီတီဗီနှင့် စောင့်ကြည့်မည်ဖြစ်သည်။ အာရုံခံကိရိယာတပ်ဆင်ထားသော ကားမှာ တစ်စုံတစ်ခုကြောင့် ရပ်သွားလျှင် ယင်းကိရိယာမှတစ်ဆင့် Information Traffic Centre ရှိ တာဝန်ရှိသူများမှ အဝေးထိန်းအသံဖြင့် တစ်စုံတစ်ရာဖြစ် မဖြစ်၊ ယာဉ်မှာ မည်သည့်အတွက်ကြောင့် ရပ်သွားခြင်းကို မေးမြန်းမည်ဖြစ်ကာ အကယ်၍ ကားပိုင်ရှင်မှ မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မရှိလျှင် အမြန်လမ်းရဲတပ်ဖွဲ့များမှ ၎င်းနေရာသို့ သွားရောက်ကာ စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းစနစ်သည် ယာဉ်မတော်တဆဖြစ်နေလျှင်လည်း ချက်ချင်းသိနိုင်မည့် စနစ်ဖြစ်သည်ဟု ဦးကြည်ဇော်မြင့် ကဆိုသည်။

“ကားတွေ ယာဉ်အန္တရာယ်မရှိအောင် အရင်ဆုံးလူအင်အားနဲ့ စောင့်ကြည့်တယ်။ အဲဒါကြောင့် ယာဉ်မတော်တဆမှုတွေ လျော့သွားတာ တွေ့ရတယ်။ အခုတော့ နည်းပညာအကူအညီနဲ့ဆက်အကောင်အထည်ဖော်သွားမယ်ဆိုတော့ နောက်ပိုင်းကျရင် ယာဉ်မတော်တဆမှုက အများကြီး လျော့နည်းသွားမှာပါ”ဟု ၎င်းက ဆိုသည်။

တည်ဆောက်ရန်အတွက် နိုင်ငံခြားကုမ္ပဏီနှင့် ပြည်တွင်းလုပ်ငန်းရှင်တို့ ပေါင်းထားသော (b smart) ကုမ္ပဏီမှ တာဝန်ယူမည်ဖြစ်သည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့နှင့် အမြန်လမ်းအင်ဂျင်နီယာအဖွဲ့၊ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကာ ၀န်ဆောင်ခပေးရန် မလိုအောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်လည်း ခရီးသည်တင်ယာဉ်ကြီးအများစုကို အမြန်နှုန်းတိုင်းတာရေးကိရိယာများနှင့် GPS (Global Positioning System) တပ်ဆင်ထားပြီး သတ်မှတ်မြန်နှုန်းထက် ကျော်လွန်သော ယာဉ်များကို လိုင်စင်ခြောက်လပိတ်သိမ်းနှင့် ဒဏ်ငွေကျပ် ငါးသောင်းပေးဆောင်စေခြင်းနှင့် လမ်းပေါ်တွင် အချိန်ကြာကြာရပ်နားထားခြင်းများကို အရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်။
Mizzima - News in Burmese

No comments:

Post a Comment

back to top