Monday, July 7, 2014

မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်း လှိုင်မြို့နယ်သို့ မကြာမီ ရက်ပိုင်းအတွင်း ပြောင်းရွှေ့ ရမည် 

ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ် အတွင်းရှိ မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းကို မကြာမီရက်ပိုင်း အတွင်းပြောင်းလဲ၍ နေရာသတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။
မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းကို အသစ်ရွှေ့ပြောင်းမည့် နေရာမှာ လှိုင်မြို့နယ် ဘာတာ (၁၃) ရပ်ကွက်သို့ ပြောင်းရွှေ့ပေးရန် စီစဉ်နေခြင်း ဖြစ်ပြီး ရက်သတ္တနှစ်ပတ်ခန့် အတွင်း ပြောင်းရွှေ့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
လှိုင်မြို့နယ် ဘာတာ (၁၃) ရပ်ကွက်သို့ မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းကို ရွှေ့ပြောင်းပေးရာ တွင် ဆိုင်ခန်းများကို မဲစနစ်ဖြင့် နေရာချထား ပေးသွားမည် ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ခန့်မှာလည်း လမ်းဘေး ဆိုင်ခန်းများ ပါဝင်နေကြောင်း သိရသည်။
ကားရောင်းဝယ်ရေး စခန်း အပြောင်းအရွှေ့နှင့် ပတ်သက်၍ မော်တော်ယာဉ် အကျိုးဆောင် များက သတင်းများ ကြိုတင်ကြားသိ နေရကြောင်း၊ ပြောင်းရွှေ့ရမည့် နေရာကိုလည်း ကြိုတင် လေ့လာမှု များ ပြုလုပ်လျက် ရှိကြောင်း၊ ပြောင်းရွှေ့ရမည့် နေရာနှင့် ပတ်သက်၍ ဖြစ်ပေါ် လာမည့် ဈေးကွက်ကို တွက်ချက်ပြင်ဆင် နေကြောင်း မင်းရဲကျော်စွာ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းရှိ ဝါရင့်ကား အကျိုးဆောင်များ ထံမှ သိရသည်။

ယခု ရက်ပိုင်းများတွင် မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းအတွင်း အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်နေခြင်းနှင့် အတူ မော်တော်ယာဉ် အရောင်းအဝယ် ဈေးကွက်မှာလည်း အေးစက် လျက်ရှိပြီး အရောင်းအဝယ် ဖြစ်ပေါ်မှု နည်းပါးလျက် ရှိကြောင်း သိရသည်။
''အဲဒီကို ပြောင်းပြောင်းချင်းတော့ အရောင်းအဝယ်က ပါးနေမှာပဲ။ အထိုင်ကျအောင် လုပ်ရဦး မယ်။ နှစ်လလောက်နေမှ အထိုင်ကျမှာ။ ပြောင်းပြောင်းချင်း ဈေးကွက်ကတော့ အေးမှာပဲ။ ပြောင်းရမယ် ဆိုတာကို သိတာကြာပြီ။ အချိန်အတိအကျ မသိသေးတာပဲ ရှိတယ်။ ဒီလိုအပြောင်း အရွှေ့တွေ ခဏခဏ မလုပ်ချင်ဘူး'' ဟု မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းအတွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

No comments:

Post a Comment

back to top