Friday, July 4, 2014

ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတွေ တက်နိုင်မလဲ


ကွာတားဖိုင်နယ်ကို တက်သွားကြတဲ့ အသင်း ၈ သင်း ကတော့ ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ၊ ကော်စတာရီကာ အသင်းတွေ ဖြစ်ကြပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မနက်ဖြန် ဇူလိုင် ၄ ရက် သောကြာနေ့နဲ့ ၅ ရက် စနေနေ့တွေမှာ တစ်နေ့ ၂ပွဲစီ ကစားကြမှာပါ။ ပထမနေ့ သောကြာနေ့မှာ ပထမပွဲအဖြစ် ပြင်သစ်နဲ့ ဂျာမနီ၊ ဒုတိယပွဲ ဘရာဇီးနဲ့ ကိုလံဘီယာတို့ ကစားကြမှာ ဖြစ်ပါတယ်။ ကိုလံဘီယာ အသင်းနဲ့ ရင်ဆိုင်ရမယ့် အိမ်ရှင် ဘရာဇီး အသင်းကို စိတ်ဓာတ် မြှင့်တင်ပေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာ အကြံပေး ပညာရှင် တစ်ယောက်ကို ဘရာဇီး နည်းပြ လူးဝစ္စ ဖလိပေး စကိုလာရီက ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ နောက်ဆုံး ၁၆ သင်းအဆင့် ရှုံးထွက် ပြိုင်ပွဲတုန်းက တောင့်တင်းတဲ့ ချီလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ချိန်က ဘရာဇီး ကစားသမား တချို့ မျက်ရည်ကျတဲ့အထိ စိတ်လှုပ်ရှားခဲ့ကြရလို့ အခုလို စိတ်ပိုင်းဆိုင်ရာ ပညာရှင်ကို ခေါ်လိုက်တာပါ။ ဘရာဇီးရဲ့ တိုက်စစ်မှူး နေမာကတော့ ဒူးနဲ့ ပေါင်ဒဏ်ရာတွေ ကနေ သက်သာလာပြီ ဖြစ်လို့ ကိုလံဘီယာနဲ့ ပွဲမှာ ကစားနိုင်မယ်လို့ ဆိုပါတယ်။ ဒုတိယနေ့ စနေနေ့မှာတော့ ပထမပွဲ အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံ၊ အဲဒီနောက် နယ်သာလန်နဲ့ ကော်စတာရီကာ အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။ နယ်သာလန် အသင်းနဲ့ ကစားရမယ့် ကော်စတာရီကာရဲ့ နည်းပြကတော့ သူ့အသင်းဟာ ပင်နယ်တီ ကန်တာကို သေချာ လေ့ကျင့်ထားတယ် လို့ ပြောပါတယ်။ ဂရိကို ပင်နယ်တီနဲ့ နိုင်ခဲ့တဲ့ ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား နားဗတ်စ်ကတော့ ပုခုံး ဒဏ်ရာ ရထားပေမယ့် စနေနေ့ ပွဲမှာ ဝင်ကစားနိုင်ဖို့ များပါတယ်။

No comments:

Post a Comment

back to top