Thursday, July 3, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်း ပြောကြား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယို မိန့်ခွန်း
(၂ဝ၁၄ ခုနှစ် ဇူလိုင်လ)
မိဘ ပြည်သူများ ခင်ဗျား-
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘ ပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် အသိပေး ပြော ကြားနေ ကျ ဖြစ်တဲ့အတိုင်း ဇွန်လ အတွင်း မြန်မာနိုင်ငံ ရဲ့ပြုပြင် ပြောင်းလဲမှု များကို ပြောကြား ရခြင်း ဖြစ် ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ် ဆိုတဲ့အတွက် ကျွန်တော်တို့ အစိုးရ အဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အထူးအာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်း စဉ်များ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ နည်းတူ ကျွန်တော် ကိုယ်တိုင်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ် များရဲ့ ဖြစ်ထွန်း တိုးတက်မှုများနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အခါ အခွင့်သင့်တိုင်း တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။ ယခုလ အတွင်းမှာ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ကို နေပြည်တော် မှာ တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရေး အတွက် လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေများ၊ ဆက်လက် ဆောင်ရွက် ရမယ့် နိုင်ငံရေး ဆွေးနွေး ပွဲများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်တဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ကျွန်တော်တို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အမျိုးသားရေး တာဝန် တစ်ရပ်ဖြစ်ပြီး အနာဂတ် သားမြေးမြစ် မျိုးဆက်သစ်တွေ အတွက် တည်ငြိမ်တဲ့ အနာဂတ်ကို အမွေခံကောင်း အဖြစ်ထားရှိ ခဲ့နိုင်ဖို့ အား လုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ညီအစ်ကိုများ အားလုံးဟာ ပြည်ထောင်စုကြီး တစ်ခုတည်းမှာ မှီတင်းနေထိုင်ကြတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး အောင်မြင်တာ နဲ့အမျှ ပြည်သူ အားလုံး၊ နိုင်ငံသား အားလုံး အကျိုးခံစား ကြရမှာ လည်း ဖြစ်ပါတယ်။
ကျွန်တော့် အနေနဲ့ ဇွန်လ ၁ဝရက်နေ့က ပြည်ထောင်စု ဝန်ကြီးများနဲ့ ဒုတိယ ဝန်ကြီးများကို ခေါ်ယူတွေ့ဆုံပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ဒီမိုကရေစီ အရေး တည်ဆောက်မှု အခြေခိုင်မာရေးနဲ့ ပြည်သူများရဲ့ လူမှု စီးပွားဘဝများ မြှင့်တင်ဖို့ ကိစ္စရပ်များကို လမ်းညွှန်မှာကြား ခဲ့ပါတယ်။
ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ကိစ္စရပ်များနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရ များရဲ့စွမ်းဆောင်ရည်မြင့်မားရေး ကိစ္စတွေဟာ အထူးအရေး ပါတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အောက်ခြေ အဆင့်ဆင့်ထိ ပျံ့နှံ့ရောက်ရှိ ဖို့အတွက် အခြေခံကျတဲ့ မြို့နယ်များမှာ မြို့နယ် ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်မှု ကော်မတီများ၊  အရပ်ဘက် လူ့အဖွဲ့အစည်း များနဲ့ စဉ်ဆက်မပြတ် ထိတွေ့ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု စနစ်ပိုမို တိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများကို နိုင်ငံအနှံ့ လှည့်လည်ကြည့်ရှုပြီး ပြည်သူ များနဲ့ တွေ့ဆုံ ဆွေးနွေး စေဖို့နဲ့ ပြည်နယ်နဲ့ တိုင်း ဒေသကြီး အစိုးရများလည်း အလားတူပဲ ပြည်သူများ၊ အရပ်ဘက် အဖွဲ့ အစည်း များနဲ့ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဖို့ ညွှန်ကြား ထားပါတယ်။
ပြည်သူများအနေနဲ့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု ထိရောက် အားကောင်းဖို့ အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း များရဲ့ မမှန်မကန် ဆောင်ရွက် မှုများ တွေ့ရှိ ခဲ့လျှင် အဆင့်ဆင့် တိုင်ကြားကြဖို့နဲ့ အရပ်ဘက် အဖွဲ့အစည်းများ အနေ နဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။
လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ရှင်သန်ရေးအတွက် တာဝန်ရှိသူ အားလုံးကို လက်တွဲ ခေါ်ဆောင်ခြင်း ဆိုတဲ့ အခြေခံမူ များနဲ့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဖို့ အစဉ်ကြိုးပမ်း ခဲ့ပါတယ်။
အဓိကကတော့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဖြစ်စဉ်များဟာ မိမိတို့တစ်ဦး ချင်းစီအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှား နေရတဲ့ အခြေအနေများ ဖြစ်တဲ့ အတွက် ဒါတွေကိုလက်ခံပြီး  အမှားအယွင်းများကို ပြင်ဆင်ခွင့်ပေးတဲ့ နည်းလမ်းများနဲ့ လက်တွဲခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါ တယ်။ ပြည်သူ လူထုရဲ့ အကျိုး စီးပွားအတွက် အန္တရာယ် ရှိလာတဲ့ အဆင့်ဖြစ်လာမှသာ ထိရောက်တဲ့ အရေးယူမှု တွေ ကို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အလေးအနက် ယုံကြည်တာကတော့ အသစ် အသစ်သော စိန်ခေါ်မှုများနဲ့ ရင်ဆိုင် နေရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် လက်တွဲကြိုး ပမ်း ဆောင်ရွက်ခြင်းနဲ့ ညှိနှိုင်း အဖြေရှာ ခြင်းများက သာလျှင် နည်းလမ်း မှန်များဖြစ်တယ် ဆိုတဲ့ အချက်ဖြစ်ပြီး အစဉ်ခံယူ ကျင့်သုံးလျက်လည်း ရှိပါတယ်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးလျက် ရှိတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော့်ရဲ့သဘောထား အချို့ကို ပြောကြား လိုပါတယ်။ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက် အမျိုးသား ပညာရေး ဥပဒေမူကြမ်းနဲ့ ပညာရေး မူဝါဒများကို ပြီးခဲ့တဲ့ နှစ် တည်းက ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်း မှုနဲ့ ရရှိလာခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးအလေးအနက် ထားပြောကြားလိုတဲ့ အချက် ကတော့ အခုဆွေးနွေး တိုင်ပင်နေကြတဲ့ အမျိုးသား ပညာရေးမူကြမ်းဟာ လုံးဝပြီးပြည့်စုံတဲ့ မူဝါဒဖြစ်တယ်လို့ သတ်မှတ်ခြင်း မဟုတ်ဘဲ
ပညာရေး ကဏ္ဍပြုပြင် ပြောင်းလဲဖို့အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ် အဖြစ် စတင် လျှောက်လှမ်းခဲ့ရာ ကနေ အဆင့်ဆင့်ဖြစ်ထွန်း တိုးတက်လာတဲ့ ရလဒ်တစ်ခု ပဲဖြစ်
တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့က ကျန်းမာရေး ကဏ္ဍဆိုင်ရာ မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ ပါတယ်။ အဓိက အားဖြင့်တော့ ပြည်သူလူထု တစ်ရပ်လုံးကို လွှမ်းခြုံမှုရှိတဲ့ လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တစ်ရပ် ပေါ်ပေါက်ဖို့လိုအပ်ပြီး နိုင်ငံတော် အစိုးရအ နေနဲ့ အစပျိုး ဆောင်ရွက် ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ အဓိက ရည်မှန်း ချက်ပန်းတိုင်ဖြစ်သော် လည်း အခုလိုကြီးမား ကျယ်ပြန့်တဲ့ စီမံဆောင်ရွက်မှု မျိုးဟာ နေ့ချင်းညချင်း အကောင်အထည်ပေါ်ဖို့ ခက်ခဲတာ ဖြစ်တဲ့အတွက် ကြားကာလ မှာလည်း ပြည်သူဗဟိုပြု ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် များကိုလည်း တစ်ပြိုင်တည်း စီမံဆောင်ရွက် အကောင်အထည်ဖော် လျက်ရှိကြောင်း အသိပေး ပြောကြား လိုပါတယ်။
ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့ အချိန်ကစပြီး ချောမွေ့ညင်သာတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စေ ဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် အထူးအလေး ထား ဆောင်ရွက်ခဲ့ရတာ ကတော့ နိုင်ငံရေးတည်ငြိမ်မှုရှိရေးပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အသွင် ကူးပြောင်းရေးဆောင်ရွက်ရာမှာ ကြုံတွေ့ ရလေ့ရှိတဲ့ မတည်ငြိမ်မှု များနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင် ခဲ့ရပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အရေး ကိစ္စဟာ ပြည်တွင်း အခြေအနေများနဲ့ သာမက နိုင်ငံတကာ အခြေအနေများနဲ့ပါ ဆက်စပ်နေ တာ ဖြစ်တဲ့အတွက် သိမ်မွေ့စွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ ရပါတယ်။
ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ အေးချမ်းတည်ငြိမ်ရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနဲ့ ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံရေး အရ လိုအပ်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေသလို အုပ်ချုပ်ရေး နည်းလမ်း များနဲ့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းများကိုလည်း ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ စသည်ဖြင့် သက်ဆိုင်ရာ ပါဝင် ပတ်သက်သူ အသီးသီးနဲ့ တိုင်ပင်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့ကြောင့် လာမယ့် ကာလများမှာ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့ ဒေသ အခြေအနေများကို မှန်ကန်စွာ ထင်ဟပ်စေမယ့် ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို ပွင့်လင်းမြင်သာ မှုရှိရှိ၊ မျှတမှု ရှိရှိ ပြုလုပ် သွားကြဖို့ တိုက်တွန်းပြောကြား အပ်ပါတယ်။
အခုအချိန်မှာ နိုင်ငံတော် အနေနဲ့ နယ်စပ် လုံခြုံရေးအတွက် လိုအပ်တဲ့တည်ဆောက်မှုများ ပြုလုပ်ခြင်း၊ စစ်ဆေးကြပ်မတ် ခြင်းနဲ့ ရခိုင်ပြည်နယ် အတွင်းမှာလည်း နိုင်ငံသား ဖြစ်မှုဆိုင်ရာ ကိစ္စရပ်များကို ဥပဒေနဲ့ အညီဖြစ်စေဖို့ ဒီလို ဆောင်ရွက်ရာမှာလည်း ဒေသခံ ပြည်သူများရဲ့ သဘောထား၊ မြန်မာနိုင်ငံရဲ့ အကျိုး စီးပွားနဲ့ ရခိုင် ပြည်နယ်ရဲ့ ရေရှည် အကျိုးစီးပွား အားလုံး လွှမ်းခြုံမှုရှိ စေဖို့လည်း ထည့်သွင်း စဉ်းစားဆောင် ရွက် နေရတဲ့ အကြောင်း အသိပေး ပြောကြား လိုပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ ပြုပြင်ပြောင်းလဲရေး များနဲ့အတူ ကမ္ဘာ့ မိသားစုအတွင်း ပြန်လည် ဝင်ရောက်ရေး ကြိုးပမ်းမှုများလည်း အဆင့်ဆင့်ဖြစ်ထွန်း တိုးတက် လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို ဇွန်လကုန်ပိုင်းက သွားရောက်ခဲ့တဲ့ ချစ်ကြည်ရေး ခရီးစဉ်အတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ် နှစ်(၆ဝ)ပြည့် အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒီငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ တို့နဲ့အတူ ဦးဆောင် ချမှတ်ခဲ့တာ ဖြစ်ပြီး ကုလ သမဂ္ဂရဲ့ အဓိက နိုင်ငံ တကာ ကြေညာ ချက်တွေ မှာပါ ပါဝင်ခဲ့တာဖြစ် ပါတယ်။ ကျွန်တော်တို့ဟာ အိမ်နီးချင်း နိုင်ငံများ၊ ဒေသ တွင်း နိုင်ငံ များနဲ့ သာမက ကမ္ဘာ့မိသားစုဝင် နိုင်ငံများ အားလုံးနဲ့ မဟာဗျူဟာ ကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက် သွားမှာဖြစ် ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံသားအားလုံး အနေနဲ့ တစ်ဦးနဲ့ တစ်ဦး သဟဇာတရှိရှိ နေထိုင် ပူးပေါင်း ဆောင် ရွက်နိုင်မှသာ တိုင်းပြည် အတွင်းမှာ တည်ငြိမ် အေးချမ်းမှုများရှိပြီး လက်ရှိ ဖော်ဆောင်နေ တဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်း မှာရှိ တဲ့ ပြည်သူများ အကြားမှာ မုန်းတီးမှုများ ဖြစ်ပွားစေမယ့် ပြုမူပြောဆို ရေးသားမှု များနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။
နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း အမုန်းတရား တွေကြောင့် စည်းလုံး ညီညွတ်မှု ပျက်ပြား ပြီး ပြည်သူတွေ ဒုက္ခမျိုးစုံတွေ့ကြုံ နေကြရတာကို ကမ္ဘာ့ဖြစ်စဉ် ဖြစ်ရပ်များက သက်သေ ပြနေပါတယ်။ ဒါကြောင့် နိုင်ငံသားများ အကြား အမုန်း တရားများ ပွားများစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသား များကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း အနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင်၊ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။
မိဘ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

No comments:

Post a Comment

back to top