Monday, June 30, 2014

မန္တလေး မြို့၌ နိုင်ငံတကာ အဆင့်မီ အိုင်တီ တက္ကသိုလ် ဖွင့်လှစ်မည်

အိန္ဒိယအစိုးရ၏ ပံ့ပိုးမှုဖြင့် မန္တလေးမြို့တွင် ဆောက်လုပ်နေသည့် နိုင်ငံတကာ အဆင့်မီ သတင်းနှင့် နည်းပညာ တက္ကသိုလ်၌ ၂ဝ၁၄ခုနှစ် ဒီဇင်ဘာလတွင် ဒီဂရီပရိုဂရမ်ကို စတင်သင်ကြား ပေး မည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးမှ သိရသည်။ အဆိုပါ တက္ကသိုလ် တည်ဆောက်ဖွင့် လှစ်ရန် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ နားလည်မှုစာချွန်လွှာ ရေးထိုးထားကြပြီး စီမံကိန်းအတွက် အိန္ဒိယနိုင်ငံ International Institute of Information Technology, Bangalore (IIIT-B) နည်းပညာ စက်ပစ္စည်းနှင့် ပညာရပ်ပိုင်း ဆိုင်ရာများကို အဓိက ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရန် အိုင်တီပရောဂျက် အတွက် အမေရိကန်ဒေါ်လာ ၂၄ သန်းကို ကူညီရန်ကတိကဝတ် ပြုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက မန္တလေးမြို့၌ ကျင်းပသော တက္ကသိုလ် ပင်မကျောင်းဆောင်သစ် အုတ်မြစ်ချပွဲ အခမ်းအနား၌ ပြောကြားခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ အိုင်တီကုမ္ပဏီ အမြောက်အမြား ကလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံ၏ အိုင်တီကဏ္ဍမှ ၁၉၉၈ ခုနှစ်က GDP ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာ ၂ဝ၁၂ ခုနှစ်က ၇ ဒသမ ၅ ရာခိုင် နှုန်းအထိ မြင့်တက် လာကြောင်း သိရသည်။

No comments:

Post a Comment

back to top