Monday, June 30, 2014

ကော်စတာရီကာအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်


တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော ကော်စတာရီကာအသင်း ပယ်နယ်တီအဆုံးအဖြတ်တွင် ဂရိအား အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်ရောက်
ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ကော်စတာရီကာနှင့် ဂရိအသင်းတို့ ကစားခဲ့ကြရာ ကော်စတာရီကာအသင်းက ဂရိအသင်းအား ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
အင်္ဂလန်၊ အီတလီ၊ ဥရုဂွေးအသင်းများအား ကျော်ဖြတ်ကာ မရဏအုပ်စု၏ ထိပ်ဆုံးအသင်းအဖြစ် ရှုံးထွက်အဆင့်သို့ ရောက်ခဲ့သော ကော်စတာရီကာ အသင်းမှာ ယခုပွဲတွင် ဂရိအသင်းအား ဦးဆောင်ဂိုးသွင်းယူကာ ကစားနိုင်ခဲ့သော် လည်း ပွဲချိန်(၆၆)မိနစ်တွင် တစ်ယောက်အထုတ်ခံခဲ့ရသဖြင့် လက်ကျန်ပွဲချိန်များတွင် ရုန်းကန်ခဲ့ရသည်။
ကော်စတာရီကာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၅၂)မိနစ်တွင် ဘရိုင်ယန်ရုဇ်က သွင်းယူပေးခဲ့သည်။ ထို့နောက် (၆၆)မိနစ်တွင် နောက်ခံလူ ဒွာတီ အထုတ်ခံရသဖြင့် ဂရိအတွက် အခွင့်အရေးဖြစ်ခဲ့ရသည်။
တစ်ယောက်အသာရသွားသည့် ဂရိသည် အပြောင်းအလဲများ ပြုလုပ်ကာ ကော်စတာရီဘက်သို့ ဖိအားပေးနေခဲ့သော်လည်း ပွဲပြီးခါနီး ထပ်ဆောင်းမိနစ်တွင်မှ ချေပဂိုးပြန်ရခဲ့သည်။ ဂရိအတွက် ချေပဂိုးအား ပါပါစတာသိုပူးလော့စ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ပွဲချိန်မိနစ်(၉၀)တွင် (၁-၁)ဂိုးစီ သရေကျနေသဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရာ ဂရိအသင်းမှာ တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ကော်စတာရီကာဘက်ကို သိသိသာသာ အသာစီးမယူနိုင်ခဲ့ချေ။ ထို့ကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ကော်စတာရီကာဘက်က ကန်သွင်းသည့် ပယ်နယ်တီ(၅)ကြိမ်စလုံး ၀င်ခဲ့သည်။ ဂရိအသင်းဘက်ကမူ (၄)လုံးမြောက်ပယ်နယ်တီကို ဂီကတ်စ် ကန်သွင်းရာ ကော်စတာရီကာ ဂိုးသမား ကာကွယ်နိုင်ခဲ့သဖြင့် (၅-၃)ဂိုးဖြင့် ကော်စတာရီကာအသင်းက အနိုင်ရခဲ့သည်။
ထို့အတွက်ကြောင့် ကော်စတာရီကာအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။

No comments:

Post a Comment

back to top