Friday, June 27, 2014

အသင်းအင်အား ဖြည့်တင်းရေး စီမံကိန်းကို ပီပီပြင်ပြင် လုပ်ဆောင်လာသည့် မန်ချက်စတာ ယူနိုက်တက်

ပြီးခဲ့သည့် ရာသီက ရလဒ်များ ဆိုးရွားကျဆင်းခဲ့သည့် မန်ချက်စတာယူနိုက်တက် အသင်းသည် နွေရာသီဈေးကွက်တွင် ကစားသမားသစ်များ အားဖြည့်သည့် စီမံကိန်းကို ပီပီပြင်ပြင် စတင်လာပြီ ဖြစ်သည်။ 
ဇွန်လ(၂၆)ရက်နေ့ ညပိုင်းက ယူနိုက်တက်သည် စပိန်ကွင်းလယ်လူ အန်ဒါဟာရဲရာကို အပြီးသတ် စာချုပ်ခေါ်ယူခဲ့သလို ဆောက်သမ်တန်အသင်းမှ ဘယ်နောက်ခံ ကစားသမား လုခ်ရှောကိုလည်း ဝယ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု သိရသည်။ ယူနိုက်တက်သည် အဆိုပါ လူငယ်ခြေတက် ကစားသမား နှစ်ဦးအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၈.၈)သန်းထိ အကုန်အကျခံခဲ့သည်။ ပြီးခဲ့သည့် ရာသီက အက်သလက်တီကို ဘီလ်ဘာအို အသင်းတွင် ခြေစွမ်းပြခဲ့သည့် ဟာရဲရာသည် စတာလင်ပေါင် (၂၈.၈)သန်းဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မန်ချက်စတာမြို့တွင် ယူနိုက်တက် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး ဆာဘော်ဘီချာလ်တန်နှင့် အတူတွဲ ဓာတ်ပုံအရိုက်ခံခဲ့ပြီးနောက် ဟာရဲရာက “အိပ်မက်တွေ တကယ်ဖြစ်လာသလိုပါပဲ။ ကျွန်တော် ဘီလ်ဘာအို အသင်းနဲ့အတူ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ယူရိုပါလိဂ်ပွဲစဉ် လာကစားခဲ့ဖူးတယ်။ အဲဒါဟာ ကျွန်တော့်ဘဝမှာ အမှတ်တရ အရှိဆုံး အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ခုတော့ မန်ချက်စတာမှာ နေထိုင်ဖို့ ကျွန်တော် စိတ်လှုပ်ရှားနေမိပြီ။ ပြီးတော့ ယူနိုက်တက်ရဲ့ နာမည်ကျော် အနီရောင်ဂျာစီနဲ့အတူ ပွဲဦးထွက် ကစားဖို့လည်း မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။  ယူနိုက်တက်သည် လာမည့်ရာသီတွင် နယ်သာလန် လက်ရွေးစင် အသင်း၏ နည်းပြဖြစ်သူ လူးဝစ်ဗန်ဟားလ်ကို မန်နေဂျာအဖြစ် ခန့်အပ်မည်ဟု ကြေညာထားရာ ဟာရဲရာသည် ဗန်ဟားလ်လက်ထက် ပထမဆုံး စာချုပ်ချုပ်ဆို ခေါ်ယူသည့် ကစားသမား ဖြစ်လာသည်။ “ဗန်ဟားလ်က ကမ္ဘာပေါ်မှာ အတော်ဆုံး နည်းပြတစ်ယောက်ပါ။ သူနဲ့အတူ အလုပ်လုပ်ခွင့် ရလာတာက ကျွန်တော် ကံကောင်းတာပါပဲ။ သူ့ဆီက သင်ယူစရာတွေ အများကြီး ရှိမှာပါ။ ဗန်ဟားလ်လက်အောက်မှာ အသင်းဖော်သစ်တွေနဲ့အတူ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ အရမ်းစိတ်စောနေမိပါတယ်”ဟုလည်း အသက်(၂၄)နှစ်ရှိ ဟာရဲရာက ဆိုသည်။ ယူနိုက်တက်၏ အပြောင်းအရွှေ့ လုပ်ဆောင်မှုများကို အဓိက တာဝန်ယူရသည့် ဒုတိယ အမှုဆောင် ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်သည် ဆောက်သမ်တန်မှ အသက်(၁၈)နှစ်အရွယ် တောင်ပံခံစစ်သမားလေး ရှောကိုလည်း စတာလင်ပေါင် သန်း(၃၀)ဖြင့် ခေါ်ယူရန် အပြီးသတ် ဆောင်ရွက်နေကြောင်း သိရသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခဲ့သည့် လူငယ်ခြေတက် ကစားသမားလေးသည် ယူနိုက်တက်နှင့် ဆေးစစ်မှု ခံယူထားပြီဟု ယုံကြည်ရပြီး ယခုသီတင်းပတ် မကုန်ဆုံးမီ (၅)နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးဖွယ် ရှိနေသည်။ ဆောက်သမ်တန်သည် ရှောအတွက် စတာလင်ပေါင် သန်း(၄၀)ထိ တောင်းဆိုခဲ့သော်လည်း နှစ်ဖက်ညှိနှိုင်းမှုများ အပြီးတွင် စတာလင်ပေါင် သန်း(၃၀)မျှဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရန် သဘောတူညီခဲ့သည်။ ရှောကို ခေါ်ယူလိုက်ခြင်းက ယူနိုက်တက်၏ ဘယ်ခြမ်းခံစစ်တွင် ဆယ်စုနှစ်တစ်ခုစာ အားကိုးအားထား ပြုနိုင်မည့် ကစားသမာတစ်ဦးကို ရရှိလိုက်ခြင်းလည်း ဖြစ်သည်။ ယူနိုက်တက်သည် ဟာရဲရာနှင့် ရှောတို့ကို ခေါ်ယူမှု အပြီးတွင် ဂျူဗင်တပ်စ် ကွင်းလယ်လူ အာတူရို ဗီဒဲလ်ကို ခေါ်ယူရန် ဆက်လက် ကြိုးပမ်းဖွယ် ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။ အသက်(၂၆)နှစ် အရွယ်ရှိပြီး စွမ်းဆောင်မှုနှုန်း ကောင်းမွန်မှုကြောင့် ထင်ရှားသည့် ချီလီလက်ရွေးစင်သည် လတ်တလောတွင် မိခင်နိုင်ငံ အသင်းနှင့်အတူ ကမ္ဘာ့ဖလား၌ ပါဝင်ကစားလျက်ရှိသည်။

No comments:

Post a Comment

back to top