Monday, May 26, 2014


မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု မြင့် တက်နေသောကြောင့် ပြည်တွင်းရှိ အချို့ရထားလမ်းပိုင်း များ၌ စင်းလုံး ငှားစနစ်ဖြင့် အထူးရထား ပြေးဆွဲမည်

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု မြင့်တက်နေသောကြောင့် ပြည်တွင်းရှိ အချို့သော ရထားလမ်းပိုင်းများ၌ စင်းလုံးငှားစနစ်ဖြင့် အထူးရထားပြေးဆွဲခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၀င်ရောက်မှုအနေဖြင့် ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ ခရီးသွားတစ်သန်းကျော် ၀င်ရောက်ခဲ့ကြောင်းနှင့် နိုင်ငံအလိုက် ၀င်ရောက်မှုများတွင် ထိုင်းနိုင်ငံသားမှာ ခြောက်သိန်းကျော်ဖြင့် အများ ဆုံးဖြစ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ကမ္ဘာလှည့် ခရီးသည်များအတွက် ပုဂံ-ကျောက်ပန်းတောင်း-ပုဂံလမ်းပိုင်း၌ စင်းလုံးငှားစနစ်ဖြင့် အထူး ရထား ပြေးဆွဲခြင်း လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းရှိ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား အနေဖြင့် ရထားစီး ခရီးသည်များအတွက် ၀န်ဆောင်မှုလုပ်ငန်း ပိုမိုဆောင်ရွက်ပေးနိုင်ရန် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းကာ စင်းလုံးငှားစနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ် သောကြောင့် လုပ်ငန်းလုပ်ကိုင်လိုသည့် ပြည်တွင်းမှ ပုဂ္ဂလိက အဖွဲ့အစည်း၊ ကုမ္ပဏီများ အနေဖြင့် တင်ဒါတင် သွင်းနိုင်ကြောင်း သိရသည်။

ပုဂံ-ကျောက်ပန်းတောင်း-ပုဂံလမ်းပိုင်း၌ ရေနွေးငွေ့စက်ခေါင်းဖြင့် ကမ္ဘာ့လှည့် ခရီးသည်များအား အထူး ရထား ပြေးဆွဲခြင်းလုပ်ငန်းအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းကို သုံးနှစ်ခွင့်ပြုမည်ဖြစ်ပြီး တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို ငှားရမ်းသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ လုပ်ငန်းများ အတွက် တင်ဒါပုံစံများကို တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီ (စီးပွားရေးဌာန)၊ မြန်မာ့မီးရထား ရုံးချုပ်၊ နေပြည်တော် ဘူတာကြီးသို့ ၂၀၁၄ ခုနှစ် ဇွန် ၆ ရက် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားသုံးသန်း ၀င်ရောက်မည်ဟု ခန့်မှန်းထားကြောင်းနှင့် မေ ၆ ရက်အထိ နိုင်ငံခြားခရီးသွား ၁ ဒသမ ၀၄ သန်းကျော်အထိ ၀င်ရောက်လာခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ၀င်ရောက်လာခဲ့သော ခရီးသွားများမှာ ဂျပန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီစသည့် နိုင်ငံများနှင့် အမေရိကန်နိုင်ငံသား များလည်း ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံသို့  နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ လေကြောင်းဖြင့် လာရောက်သူ ၈၈၅၄၇၆ ဦး၊ ရေကြောင်းဖြင့် လာရောက်သူ ၆၀၈၆ ဦးနှင့် နယ်စပ်မှတစ်ဆင့် လာရောက်သူ ၁၁၄၄၁၄၆ ဦးရှိခဲ့ကာ စုစုပေါင်း ခရီးသွားနှစ်သန်းကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ 

ref;eleven media group


မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု မြင့်တက်နေသောကြောင့် ပြည်တွင်းရှိ အချို့ရထားလမ်းပိုင်းများ၌ စင်းလုံးငှားစနစ်ဖြင့် အထူးရထား ပြေးဆွဲမည် - See more at: http://news-eleven.com/business/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%9C%E1%80%BD%E1%80%8A%E1%80%B9%E1%80%B7%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8-%E1%81%80%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%82%88-%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%B7%E1%80%90%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%AD#sthash.pXwsPsmG.dpuf

No comments:

Post a Comment

back to top