Kpop အဖွဲ့တွေထဲမှာ
ထိပ်ဆုံးက အမြဲရှိနေတဲ့ 2NE1 အဖွဲ့ဝင် CL၊ Bom၊ Dara နဲ့ Minzy တို့ဟာ ချစ်သူရည်းစားထားဖို့နေနေသာသာ
သူတို့ရဲ့အနုပညာအလုပ်တွေနဲ့ မအားမလပ်ဖြစ်နေရပေမယ့် ဒါဟာ ချစ်သူရည်းစား မထားဘူး၊ သီချင်းတွေချည်း
တစ်သက်လုံးဆိုသွားမယ်လို့ မဆိုလိုပါဘူးတဲ့။ သူတို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲဖြစ်တဲ့
All or Nothing အတွက် ထိုင်ပေမှာရောက်နေချိန်အတွင်း YG က ကောင်မလေး လေးယောက်ဟာ ထိုင်ဝမ်ရဲ့
နာမည်ကြီး မဂ္ဂဇင်း Choc မှာ သူတို့ရဲ့အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်၊ ၀န်ခံချက်တစ်ချို့ကို
ဖော်ထုတ်သွားပါတယ်။
2NE1ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ CL ကတော့ သူမရဲ့အကြီးဆုံးအိပ်မက်ဟာ မိသားစုနဲ့ ပျော်ပျော် ရွှင်ရွှင်နဲ့
နေထိုင်ဖို့ပါတဲ့။ "တစ်ချိန်မှာတော့ ကျွန်မဟာ တစ်ယောက်ယောက်ရဲ့ ဇနီး တစ်ယောက်ဖြစ်လာမယ်။
ကျွန်မတို့ ကလေးတွေ မွေးကြမယ်။ ဒါတွေကို ခုအကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒါပေမယ့်
တစ်ချိန်ချိန်တော့ ဖြစ်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ခုချိန်မှာတော့ ဂီတဟာ အားလုံးထက်အရေးပါတဲ့
အခန်းကဏ္ဍဖြစ်နေလို့ အဲ့ဒီဘက်ကို အချိန်မပေးနိုင်သေးပါဘူး"လို့ သူမက ပြောသွားပါတယ်။
Dara ကတော့ "ကျွန်မ ဒိတ်မလုပ်တာတောင် တော်တော်ကြာနေပါပြီ။ ဒါဟာ ကျွန်မ သိပ်ချစ်ရတဲ့သူ၊
ကျွန်မကို သိပ်ချစ်တဲ့သူနဲ့ မဆုံသေးတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မစိုးရိမ်မိတာက
ကိုယ့်ကိုချစ်တဲ့သူ၊ ရုပ်ဖြောင့်ဖြောင့်ကောင်လေး ပေါ်လာရင်တောင် ကျွန်မဘက်က ရင်ခုန်ပါဦးမလား ဆိုတာကိုပါပဲ"တဲ့။ Bom ကတော့ ခပ်ပြတ်ပြတ်ပါပဲ။ သူချစ်တဲ့ကောင်လေးတွေ့ရင် သူကတော့ အဲ့ဒီကောင်လေး သူ့ဘက်ပါလာအောင်
ဆွဲဆောင်ပစ်လိုက်မှာပါလို့ ပြောပြသွားပါတယ်။
Minzy စရိုက်ကလည်း ပွင့်ပွင့်လင်းလင်းရှိလှပါတယ်။ သူမကတော့ "ကျွန်မစရိုက်အတိုင်းဆိုရင်တော့
ကိုယ်ချစ်တဲ့သူတွေ့ရင် ချစ်တဲ့အကြောင်း ဖွင့်ပြောမိမလားပဲ။ ဒါပေမယ့် တိုက်ရိုက်ကြီးသွားပြီး
နင့်ကိုငါကြိုက်တယ်လို့တော့ ဘယ်ပြောမလဲနော်။ နည်းလမ်းလေးတွေသုံးပြီး ကိုယ်သူ့ကို စိတ်ဝင်စားနေ တယ်ဆိုတာ
သိအောင်ပြရမှာပေါ့။"လို့ ဆိုသွားပါတယ်။
အရင်တုန်းက YG Entertainment က 2NE1အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေထဲမှာ ရည်းစားထားတာမျိုး၊
ဒိတ်လုပ်တာမျိုးတွေ တားမြစ်တာမျိုးရှိတာမို့ ခုတော့ သူတို့လေးယောက်ကို လွတ်လပ်ခွင့်ပေးလိုက်ပုံပါပဲ။

No comments:
Post a Comment