Tuesday, May 27, 2014


ရန်ကုန် နယ်နိမိတ် အတွင်း မီနီ ဘတ်စ်ကား အစီး ၅ဝ ကျော်သာ CNG ခွင့်ပြု ချက်ဖြင့် ပြေးဆွဲနေ
၂ဝ၁၄ ခုနှစ် မေ ၂၂ ရက်အထိ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ပြေး ဆွဲနေသော မီနီဘတ်စ် ကားအစီးရေ ၅၆ စီးသာ MOGE   ၏ CNG ခွင့်ပြု ချက်ဖြင့် ပြေးဆွဲ လျက်ရှိပြီး ကျန်ပြေးဆွဲနေ သည့် ၆၃ စီးမှာ ဒီဇယ်သို့မဟုတ် ဓာတ်ဆီဖြင့် ပြေးဆွဲ လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီး မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီမှ သိရသည်။ ''မီနီ ဘတ်စ်ကား ၈၃ စီးက လုပ်ငန်းလိုင်စင် မရသေးဘူး။ နောက်ထပ်ပြေးဆွဲဖို့ တရားဝင်စာ တင်ထား တယ်။ အဲဒီထဲမှာ အစီး ၅ဝ က ပြေးဆွဲခွင့် ယာယီလိုင်စင်ကို ပို့ဆောင်ရေးနဲ့ စီမံကိန်းဦးစီးဌာနကို တင်ပြပြီးပြီ။  ၃၁ စီးကတော့ အင်အားတိုး ပြေးဆွဲဖို့ (စ) လိုင်စင်တင်ထားတယ်''ဟု မ-ထ-သ(ဗဟို) ဌာနစုမှူး ဦးသန်းဆွေ က ပြောသည်။
ထိုကဲ့သို့ CNG မရဘဲ ပြေးဆွဲနေရခြင်းကြောင့် ဒီဇယ် သို့မဟုတ် ဓာတ်ဆီဖြင့် ပြေးဆွဲနေရသည့်  ကားများမှာ ခရီးသည် ရရှိမှုပေါ်မူတည်၍ ပြေးဆွဲနေရကြောင်း မီနီဘတ်စ် ကားမောင်းသူများထံမှ သိရ သည်။ ''ခွင့်ပြုချက် မရသေးတဲ့ ကျန်ရှိနေသေးတဲ့ ကားတွေကိုလည်း ဆက်လက် တင်ပြပေးသွားမယ်။ မီနီဘတ်စ်ကား CNG  ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးနေပါတယ်''ဟု မ-ထ-သ (ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ထိုကဲ့သို့ ဆီဖြင့် မောင်းနေရခြင်းကြောင့် Air Con လွှတ်ခြင်းကို  လျှော့ပေါ့ပြီး ညပိုင်းများတွင် ယာဉ်စီးခ ပိုမို ကောက်ခံမှုများ ဖြစ်ပွားနေကြောင်းလည်း မ-ထ-သ(ဗဟို) မှ သိရသည်။ ''ညဘက်တွေမှာ ကားခ အရင် နှစ်ရာကနေ၊ သုံးရာဖြစ်သွားတယ်။ လူတင်တာတွေလည်း ကျပ်ညပ်နေတာပဲ။  တစ်စီးနဲ့တစ်စီး အပြိုင်မောင်း တာတွေလည်း ဖြစ်လာတယ်'' ဟု မီနီဘတ်စ် ကားစီး၍ ရုံးတက်နေသူ တစ်ဦးက ပြောသည်။ မီနီဘတ်စ် ကားများကို ဟိုင်းလပ်များနေရာတွင် ခရီးသည်များ အသက်အန္တရာယ် ကင်းဝေးစေရေး အတွက်  ပြောင်းလဲ ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဟိုင်းလပ် များသည် ကုန်တင်ယာဉ် အမျိုးအစားများ ဖြစ်သည့်အတွက် ခရီးသည်တင် ပြေးဆွဲရန် မသင့်လျော်ခြင်း၊ အန္တရာယ်ဖြစ်စေသည့် အမိုး ပေါ်တင်ခြင်းနှင့် နောက်တွယ် စီးခြင်းများကို အကြိမ်ကြိမ် တားမြစ် ခဲ့သော်လည်း လိုက်နာမှု မရှိခဲ့ခြင်းကြောင့် မီနီဘတ်စ် ကားများကို ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top