အမ်ဘာဟတ်ဒ်သည် ဂျွန်နီဒက်ပ်ကို သူမ၏ ငယ်ဘဝကတည်းက အရူးအမူး
စွဲလမ်းနှစ်သက်နေခဲ့ခြင်းဟု သိရှိရသည်။ Drive Angryစတား မင်းသမီးနှင့်
အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦးက ဂျွန်နီသည် အမ်ဘာ၏ အိပ်မက်မင်းသားအဖြစ်
ကာလရှည်ကြာ ရှိနှင့်ခဲ့ပြီးဖြစ်ကြောင်း ဖောက်သည်ချခဲ့သည်။
ဂျွန်နီသည်
နှစ်ပေါင်းများစွာ အတူတွဲလာသည့် မင်းသမီး ဗင်နက်ဆာ ပရာဒစ်နှင့်
လမ်းခွဲခဲ့ပြီးနောက် ယခုအခါ အမ်ဘာနှင့် စေ့စပ်ထားပြီ ဖြစ်သည်။ အမ္ဘာ၏
မိတ်ဆွေရင်း တစ်ဦးက “တကယ်တော့ ဂျွန်နီဟာ အမ်ဘာရဲ့ အချစ်ဦးပါ။
လူချင်းလုံးဝ မဆုံဖူးခင် ကတည်းက အမ်ဘာဟာ ဂျွန်နီ့ကို စွဲလမ်းခဲ့တာ
ဖြစ်ပါတယ်။ သူ့အခန်းထဲက နံရံတွေမှာဆိုရင် ဂျွန်နီရဲ့ ဓာတ်ပုံတွေချည်းပဲ။
ပြောရရင် အမ်ဘာဟာ ဂျွန်နီ့ကို ချစ်မြတ်နိုးရင်း ကြီးပြင်းလာတဲ့
မိန်းကလေးမျိုးပါ”ဟု ပြောကြားခဲ့သည်။
National Enquire၏
ဆက်သွယ်မေးမြန်းမှုတွင် အမ်ဘာနှင့် နီးစပ်သူ တစ်ဦးကလည်း “ဆယ်ကျော်သက်
ဘဝကတည်းက အမ်ဘာဟာ မင်းသမီးတစ်လက် ဖြစ်လာရမယ်လို့ သူ့ကိုယ်သူ
စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ ဂျွန်နီ့ဓာတ်ပုံတွေကို အိပ်ခန်းထဲမှာ
အပြည့်ကပ်ထားတဲ့ မိန်းကလေး တစ်ယောက်ဟာ ဂျွန်နီနဲ့ နီးစပ်တဲ့ နယ်ပယ်ကို
စိတ်ကူးယဉ်နေတာ မဆန်းဘူးလေ။ ပြီးတော့ သူတို့နှစ်ယောက် အလုပ်တွဲလုပ်ဖြစ်တယ်။
ချစ်သူတွေ ဖြစ်လာတယ်။ ဒါကလည်း မျှော်လင့်ကြည့်လို့ရတဲ့ ကိစ္စပါပဲ”ဟု
မှတ်ချက်ပြုခဲ့သည်။ အသက်(၅၀)အရွယ်ရှိ ဂျွန်နီသည် The Rum Diary ဇာတ်ကားတွင်
အတူတွဲသရုပ်ဆောင်ရင်း ၎င်းထက် အသက်(၂၂)နှစ် ပိုငယ်သည့် မင်းသမီးနှင့်
ချစ်ကျွမ်းဝင်ခဲ့သည်။
ထို့နောက်ပိုင်းတွင် ဂျွန်နီသည် (၁၄)နှစ်ကြာ
တွဲလာပြီး ကလေး(၂)ဦး ရထားသည့် ပြင်သစ်မော်ဒယ်လ် အဆိုတော် ဗင်နက်ဆာနှင့်
လမ်းခွဲခဲ့ပြီး အမ်ဘာကလည်း သူမနှင့် တွဲနေသည့် ဓာတ်ပုံဆရာ တက်စ်ရာဗန်ရီးကို
စွန့်ခွာခဲ့သည်။ လတ်တလောတွင် အမ်ဘာနှင့် ဂျွန်နီတို့ လက်ထပ်ရန်
စီစဉ်နေသော်လည်း အမ်ဘာဘက်မှ အတန်ငယ် ဆုတ်ဆိုင်းမှုများ ရှိနေကြောင်းလည်း
သတင်းများ ထွက်ပေါ်နေသည်။ ၎င်းတို့စုံတွဲနှင့် နီးစပ်သူ တစ်ဦးက “အမ်ဘာက
ဂျွန်နီ့ကို ချစ်ပါတယ်။ ဒါပေမဲ့ လက်ထပ်ဖို့ ကိစ္စမှာ စိတ်မရှင်းသလို
ဖြစ်နေတယ်။ ဒါကို နှစ်ယောက်အတူတူ တိုင်ပင်ဖြေရှင်းပြီးမှပဲ ဘုရားကျောင်းမှာ
အမ်ဘာအနေနဲ့ ဂျွန်နီ့ကို ခေါင်းညိတ်လိမ့်မယ် ထင်ပါတယ်”ဟု
မှတ်ချက်ပြုသွားသည်။
No comments:
Post a Comment