ဘရာဇီးလ် လက်ရွေးစင် (၂၃)ဦးကို ထုတ်ပြန် ကြေညာတဲ့ သတင်း
ဘရာဇီးလ်နည်းပြ စကိုလာရီက (၂၀၁၄)ကမ္ဘာဖလား ပြိုင်ပွဲဝင်မယ့် ဘရာဇီးလ် လက်ရွေးစင်(၂၃)ဦးကို ဗုဒ္ဒဟူးနေ့က ထုတ်ပြန် ကြေညာပါတယ်။ အဲဒီစာရင်းမှာ နာပိုလီနောက်တန်းလူ ဟင်းနရစ် ပါဝင်နေလို့ အများအံ့သြစရာ ဖြစ်ခဲ့ပါတယ်။ ဟင်းနရစ်ဟာ ဘရာဇီးလ်လက်ရွေးစင် အသင်းအတွက် (၇၁)မိနစ်သာ ကစားဖူးပါတယ်။ ဒါပေမယ့် သူက ပါးမီးရပ်အသင်းမှာ စကိုလာရီနည်းပြ လုပ်စဉ်က ကစားဖူးပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ အိမ်ရှင်ဖြစ်သလို ကမ္ဘာ့ဖလားကို (၆)ကြိမ်မြောက် ရယူပြီး အောင်မြင်မှု စံချိန်တင်ဖို့ပါ ရည်မှန်းထားပါတယ်။ ဒီအသင်းမှာ ဘာစီလိုနာ တိုက်စစ်မှူး နေမာလည်း ပါဝင်ပြီး အသင်းကက်ပတိန်ကတော့ ပီအက်စ်ဂျီ နောက်တန်းလူ သီယာဂိုဆေးဗားက တာဝန်ယူပါမယ်။ နည်းပြစကိုလာရီဟာ (၂၀၀၂)ခုနှစ်တုန်းကလည်း ဘရာဇီးလ် အသင်းကို ကမ္ဘာ့ဖလား(၅)ကြိမ်မြောက် ရယူပေးခဲ့တဲ့နည်းပြ ဖြစ်ပါတယ်။ မနှစ်ကလည်း ဘရာဇီးလ်အသင်းကို ကွန်ဖက်ဒရေးရှင်းဖလား ရယူပေးခဲ့ပါသေးတယ်။ အဲဒီတုန်းက နည်းပြစကိုလာရီရဲ့ ဘရာဇီးလ်အသင်းဟာ အီတလီ၊ ဥရုဂွေးနဲ့ လက်ရှိကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်းတို့ကို အနိုင်ရခဲ့ပါတယ်။ လက်ရှိ ဘရာဇီးလ် အသင်းဟာ သူတို့နောက်ဆုံး ကစားခဲ့တဲ့ (၁၄)ပွဲမှာ (၁၃)ပွဲ အနိုင်ရထားပါတယ်။ နည်းပြစကိုလာရီကတော့ ဇွန်(၁၂)ရက်မှာ စတင်ကစားရမယ့် ခရိုအေးရှားနဲ့ပွဲကို အားလုံး အလေးထားဖို့ လိုပါတယ်လို့ ပြောပါတယ်။ "ပထမဆုံး ခြေလှမ်းက အရေးကြီးပါတယ်။ ဘောလုံးသမားတွေအနေနဲ့ အဲဒါကိုသိဖို့ လိုပါတယ်"လို့ နည်းပြစကိုလာရီက ပြောပါတယ်။ ဘရာဇီးလ် လက်ရွေးစင်တွေဟာ မေလ(၂၆)ရက်မှာ ရီိယိုဒီဂျနေရိုမြို့ကို လာရောက်ပြီး စုပေါင်း လေ့ကျင့်ကြပါမယ်။ ကမ္ဘာ့ဖလားပွဲ မကစားခင်မှာ ပနားမားအသင်း၊ ဆားဘီးယား အသင်းတို့နဲ့ ခြေစမ်းပွဲ(၂)ပွဲ ကစားပါမယ်။ ဘရာဇီးလ်ဟာ အုပ်စု(A)မှာ ခရိုအေးရှား၊ မက္ကဆီကို၊ ကင်မရွန်းတို့နဲ့ ကစားရပါမယ်။
No comments:
Post a Comment