Wednesday, May 28, 2014

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် The Sun Institute တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို မေလ (၂၆) ရက် နံနက် (၇) နာရီခွဲ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော သူရ ဦးအေးမြင့်၊ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဗဟိုအကြံပေးများ၊ ဗဟိုအလုပ်အမှုဆောင် များ၊ တိုင်း ဒေသကြီး/ပြည်နယ် အသီးသီးမှ လွှတ်တော် ဥက္ကဋ္ဌများ၊ ပါတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဌာနချုပ်ရုံးမှ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ၊ တိုင်း ဒေသကြီး/ပြည် နယ် အသီးသီးမှ သင်တန်းသား သင်တန်းသူ (၁၆၉) ဦးတို့ တက်ရောက်ကြ သည်။



အစီအစဉ်အရ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ် (၁) မှ တက်ရောက်ခဲ့သော သင်တန်းသားတစ်ဦး၊ သင်တန်းသူတစ်ဦးတို့က သင်တန်းတက်ရောက်မှု အတွေ့အကြုံများနှင့် သင်တန်းမှ သင်ကြား လိုက်သော ခေါင်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ယင်းသင်တန်း အမှတ်စဉ် (၁) မှ စည်းရုံးရေးလုပ်ငန်းသရုပ်ပြပုံများကို ရုပ်ပုံဆိုက်များနှင့် ရှင်းလင်းပြသပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာ စကား ပြောကြားရာတွင် ပါတီသည် ပြည်သူ့ပါတီဖြစ်သည့်အတွက် ပြည် သူတွေနဲ့ တစ်သားတည်းဖြစ်နေရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီ ၏ ဆောင်ပုဒ်ဖြစ်သော “ ပြည်သူ့သဘောထား ဒို့အလေးထား၊ ပြည်သူ့အခွင့် အရေး ဒို့ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက် ” ဆိုသည့်အတိုင်း မိမိတို့ပါတီ သည် ပြည်သူနှင့် အမြဲတမ်း လက်တွဲလုပ်ဆောင်နေကြရန် လိုကြောင်း အမှာစကားပြောကြားပြီး တက်ရောက်လာသော သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
အဆိုပါ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းကာလမှာ ရက်သတ္တ နှစ်ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်သည်။

No comments:

Post a Comment

back to top