တင်းနစ်ကြီး ငါးကြီးဖြစ်လာပြီဟု ၀ါဝရင်ကာအား ဂျိုကိုဗစ် ချီးကျူ

တင်းနစ် လောက၌ အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် ကြီးလေးကြီးဟု ပြောဆိုခေါ်ဝေါ်ရသည့် တင်းနစ်ကစားသမား လေးဦးအနက်မှ တစ်ဦးဖြစ်သည့် ဆားဘီးယား တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်က ၀ါဝရင်ကာကိုပါ ထည့်သွင်း ရေတွက်ရတော့မည်ဟု ဆိုလိုက်သည်။တစ်ဦးနှင့်တစ်ဦး ရေရှည်အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့် ဆွစ်ဇာလန် တင်းနစ်သမား ရော်ဂျာဖက်ဒါရာ၊ စပိန်တင်းနစ်သမား ရာဖေးနာဒယ်လ်၊ ဗြိတိန်ကိုယ်စားပြု အန်ဒီမာရေးနှင့် ဂျိုကိုဗစ်တို့အား ကြီးလေးကြီးအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြရာ ယခုလာမည့် ပြင်သစ်အိုးပင်း မယှဉ်ပြိုင်မီ ဂျိုကိုဗစ်က ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ ယခုနှစ်အတွင်း ပထမဆုံး ဂရင်းဆလမ် ပြိုင်ပွဲဖြစ်သည့် သြစတြေးလျ အိုးပင်းတွင် အနိုင်ရရှိထားခဲ့သည့် ဆွစ်ဇာလန် တင်းနစ်ကစားသမား စတန်နီစလတ်စ်ဝါ၀ရင်ကာသည် ကြီးလေးကြီးအား ကောင်းစွာ ယှဉ်ပြိုင်နိုင်သည့် လက်စွမ်းကိုလည်း ပြသခဲ့သည်။ ဂျိုကိုဗစ်က “သူ့ကို ဖေးဘရိတ် ကစားသမားတစ်ဦးအဖြစ် ထည့်သွင်းသတ်မှတ်သင့်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ ဒီနှစ်အတွင်း အကောင်းဆုံး ရလဒ်တွေကို ရယူနေလို့ပါ။ သူ့အတွက် ပထမဆုံး ဂရင်းဆလမ် ဆုဖလားကိုလည်း ရယူနိုင်ခဲ့တဲ့အပြင် တခြားကစားသမားကောင်းတွေကို ကျော်ဖြတ်ပြီး မွန်တီကာလို အိုးပင်းမှာလည်း အနိုင်ရရှိခဲ့ပြီးပါပြီ။ သူဟာ ဂရင်းဆလမ်ဖလားတွေအတွက် ယှဉ်ပြိုင်စိန်ခေါ် ရယူနိုင်သူ တစ်ဦးဆိုတာ လူတိုင်းကို သက်သေပြခဲ့ပြီးပါပြီ” ဟု ချီးကျူး ပြောကြားသွားခဲ့သည်။ သို့သော် ဂျိုကိုဗစ်က “၀ါဝရင်ကာဟာ ဘယ်ကွင်း အမျိုးအစားမှာပဲဖြစ်ဖြစ် ပြိုင်ဘက်ကို အနိုင်ယူနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ ယုံကြည်မှု အနည်းငယ်တော့ လိုအပ်နေပါသေးတယ်” ဟု တစ်ဆက်တည်း ဝေဖန်သုံးသပ် သွားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment