အီတလီမှ လေ့ကျင့်ရေး စခန်းကို ဂျာမနီအသင်း ရောက်ရှိ

နည်းပြဂျိုချင်လို ဦးဆောင်တဲ့ ဂျာမနီလက်ရွေးစင် အသင်းဟာ အီတလီ အဲ့ပ်တောင်တန်းမှာရှိတဲ့ ဆော့တီရို ကမ္ဘာ့ဖလား လေ့ကျင့်ရေးစခန်းကို ဗုဒ္ဒဟူးနေ့က ရောက်လာပါတယ်။ အဲဒီလူသိနည်းလှတဲ့ နေရာမှာပဲ ဂျာမနီအသင်းက သူတို့ရဲ့ ကမ္ဘာ့ဖလား ပွဲအတွက် ပြင်ဆင် လေ့ကျင့်မှုကို စတင်ပြုလုပ်ပါတယ်။ သူတို့လေ့ကျင့်တဲ့ နေရာကိုတော့ မီဒီယာနဲ့ လူအများကို ၀င်ခွင့်မပေးဘဲ တံခါးပိတ် လေ့ကျင့်တာ ဖြစ်ပါတယ်။ အသင်းဘတ်စကားရဲ့ ပြတင်းပေါက်တွေကိုလည်း မှန်အနက်တွေ ကာထားပြီး လေ့ကျင့်ရေးကွင်းကိုလည်း ပလတ်စတစ်စတွေကာထားလို့ မီဒီယာတွေနဲ့ ပရိသတ်တွေဟာ ဘောလုံးသမားတွေကို တစ်စွန်းတစ်စတောင် မတွေ့ကြရပါဘူး။ သူတို့နေတဲ့ စိန့်လီယွန်ဟတ် ဟိုတယ်မှာလည်း အစောင့်အကြပ်တွေ ချထားပါတယ်။ အဲဒီနေ့က ဟိုတယ်ကို ရောက်လာတဲ့ ဘတ်စကားက နည်းပြဂျိုချင်လိုအပြင် ဘောလုံးသမား (၂၇)အထဲက (၂၃)ယောက်ပဲ တင်သွားတယ်လို့ ဆိုပါတယ်။ ဘိုင်ယန်သားတွေဖြစ်တဲ့ ဖီးလစ်လန်းနဲ့ မန်နူရယ်နူအာတို့က နေမကောင်း ဖြစ်နေလို့ ဒီအပတ်ကုန်ခါနီးမှ ရောက်ပါမယ်။ ရီယယ်မက်ဒရစ် ကစားသမား ဆာမီခီဒီယာကတော့ စနေနေ့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာဖြစ်လို့ ဂျာမနီအသင်းကို ရောက်မလာသေးပါဘူး။ အာဆင်နယ် ကစားသမား မာတီဆက်ကာလည်း သူ့ဇနီး ကလေးမွေးနေလို့ ကြာသပတေးနေ့မှ ဂျာမနီအသင်း လေ့ကျင့်ရေးကို ရောက်မှာဖြစ်ပါတယ်။ အဲဒီလေ့ကျင့်ရေး စခန်းမှာ ဇွန်လ(၁)ရက်အထိ လေ့ကျင့်ပြီး နောက်တစ်နေ့မှာ အပြီးသတ် လူစာရင်းကို ကြေညာမှာ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပွဲမှာ အုပ်စုကျပ်ထဲ ရောက်နေပါတယ်။ အုပ်စု(G)မှာ ပေါ်တူဂီ၊ ဂါနာ၊ အမေရိကန်တို့နဲ့ ကစားရပါမယ်။ ပရိသတ် တစ်ဦးဖြစ်တဲ့ ဂျော့ဂရေမာ ဘောင်ဝါကတော့ "ကျွန်တော်တို့အသင်း အုပ်စုက ကျော်တာနဲ့ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ရှဝိန်းစတိန်ဂါတို့၊ ခီဒီယာတို့လို ဘောလုံးသမားတွေ ကြံ့ခိုင်မှု အပြည့်အ၀နဲ့ ကစားနိုင်ဖို့ပါပဲ"လို့ ပြောပါတယ်။
No comments:
Post a Comment