မိုနာကိုအသင်းနဲ့ ရေနီယာရီ လမ်းခွဲ

အီတလီ ၀ါရင့်နည်းပြ ရေနီယာရီဟာ မိုနာကိုအသင်းကို (၂)နှစ်ကြာ ကိုင်တွယ် နည်းပြပြီးနောက် အင်္ဂါနေ့က အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း မိုနာကိုအသင်း ဒု-ဥက္ကဌ ဗာဆီလ်ယက်ဗ်က အတည်ပြုပါတယ်။ ရေနီယာရီဟာ ၂၀၁၂ခုနှစ်က မိုနာကိုအသင်းကို စတင်နည်းပြခဲ့ပြီး ပထမဆုံး ရာသီမှာ ပြင်သစ်လီဂူး(၁)ကို တန်းတက်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ရာသီမှာလည်း မိုနာကိုအသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် ကြိုးစားနိုင်ပေမယ့် မိုနာကိုအသင်း တာဝန်ရှိသူတွေက အပြောင်းအလဲလုပ်ဖို့ အချိန်တန်ပြီလို့ ယူဆတာကြောင့် ရေနီယာရီနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ မိုနာကိုအသင်း ဒု-ဥက္ကဌ ဗာဆီလ်ယက်ဗက်က ’’သိပ်မကြာခင် အသင်းကနေ ရေနီယာရီ ထွက်တော့မှာပါ။ အသင်းအတွက် သူကြိုးစား ပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။ မိုနာကိုမှာ သူအများကြီး လုပ်ပေးသွားနိုင်ပါတယ်။ ဒုတိယတန်းကနေ (၂)နှစ်အတွင်း ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် လုပ်နိုင်ဖို့က လုံးဝမလွယ်ပါဘူး။ ဒါပေမယ့် အခုအခါမှာ သမိုင်းစာမျက်နှာသစ်ကို ရေးရတော့မယ်လို့ ယုံကြည်တာကြောင့် အပြောင်းအလဲ လုပ်ခဲ့ရတာပါ’’လို့ ပြောပါတယ်။ လတ်တလော သတင်းတွေအရ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းနည်းပြ တာဝန်ကနေ နှုတ်ထွက်ခဲ့ပြီဖြစ်တဲ့ ဂျာဒင်ဟာ မိုနာကိုနည်းပြသစ် ဖြစ်လာမယ်လို့ သိရပါတယ်။
No comments:
Post a Comment