Tuesday, May 27, 2014

ပီဂျီအေ ချန်ပီယံရှစ် ပြိုင်ပွဲမှာမက်အီရွိုင်း ဗိုလ်စွဲ






လန်ဒန်မြို့အနီးက ဗာဂျီးနီးယားဝါးတားမြို့လေးမှာ တနင်္ဂနွေနေ့ ကျင်းပပြီးစီးတဲ့ ပီဂျီအေချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မြောက်အိုင်ယာလန် ဂေါက်သီးသမား မက်အီရွိုင်းက အံ့သြဖွယ်ကောင်းအောင် အနိုင်ရ ဗို်လ်စွဲသွားပါတယ်။ တစ်ချိန်က ကမ္ဘာ့နံပါတ်(၁)ဖြစ်ခဲ့ပြီး အခုနံပါတ်(၁၀) ဖြစ်နေတဲ့ မက်အီရွိုင်းဟာ ပြိုင်ပွဲမစခင်မှာ ဒိန်းမတ်တင်းနစ်မယ် ၀ို့ဇ်နီယာစကီးနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်လို့ ဂေါက်သီးရိုက်ရမှာ စိတ်မပါဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မက်အီရွိုင်းဟာ ပထမနေ့မှာ(၆၈)ချက်၊ ဒုတိယနေ့မှာ (၇၁)ချက်၊ တတိယနေ့မှာ (၆၉)ချက်နဲ့ နောက်ဆုံးနေ့မှာ (၆၆)ချက်အထိ (၆)ချက် လျော့ရိုက်ခဲ့ပါတယ်။ အဲဒါကြောင့် လေးရက်ပေါင်း (၂၇၄)ချက်နဲ့ (၁၄)ချက်လျော့ရိုက်ပြီး မက်အီရွိုင်း ချန်ပီယံဆုရသွားတာ ဖြစ်ပါတယ်။ မက်အီရွိုင်း အတွက်တော့ ဒီအောင်ပွဲဟာ ဥရောပတိုး ပြိုင်ပွဲတစ်ရပ်မှာ (၆)ကြိမ်မြောက်ရတဲ့ အောင်ပွဲပါ။ ဒုတိယဆုကိုတော့ အိုင်ယာလန် ဂေါက်သီးသမား ရှောင်လိုရီက (၆၄၊၇၀၊၇၃၊၆၈)ချက်နဲ့ စုစုပေါင်း (၂၇၅)ချက်ရိုက်ပြီး ရပါတယ်။ တတိယနေရာမှာတော့ ဗြိတိန်ဂေါက်သီးသမား လုခ်ဒေါ်နယ်နဲ့ ဒိန်းမတ် ဂေါက်သီးသမား သောမတ်ဂျွန်တို့က (၂၇၆)ချက်စီနဲ့ ပူးတွဲ ရပ်တည်သွားပါတယ်။

No comments:

Post a Comment

back to top