Wednesday, May 28, 2014

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှုယ် သူရဦးအောင်ကို ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး သူရ ဦးအောင်ကိုသည် မေလ ၂၂ ရက်က ကန်ပက်လက် မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ ခဲ့သည်။ 
တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် မြို့နယ် အလုပ် အမှုဆောင် ကော်မတီဝင်များ တက်ရောက်ကြပြီး ဗဟို အတွင်းရေးမှူးက စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များ မှာကြား၍ ပါတီဝင်များ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ဗဟိုအတွင်းရေးမှူးသည် ကန်ပက်လက်မြို့ မြို့မ သာသနာပြု ဗဟိုကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ပြီး န၀ကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဗဟိုအတွင်းရေးမှူးသည် မေလ ၂၃ ရက် နံနက်ပိုင်းတွင် ကန်ပက်လက်မြို့နယ် ကြက်ခြံ ကျေးရွာသစ်သို့ သွားရောက်ခဲ့ပြီး လွှတ်တော်ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော ကျန်းမာရေး ဆေးပေးခန်းဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ 
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူး၊ မြို့နယ် အတွင်း ဖွဲ့စည်းထားသော ကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက် ကြပြီး အခမ်းအနားတွင် ဗဟို အတွင်းရေးမှူးသည် ကြက်ခြံကျေးရွာ တည်ဆောက်ရေးအတွက် အလှူငွေ ကျပ် ငါးသိန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးအား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဗဟိုအတွင်းရေးမှူးသည် ကျေးရွာသူ ကျေးရွာသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top