Tuesday, May 27, 2014

မက်ဒရစ်မြို့ အိမ်ကွင်းမှာ ရီယယ်မက်ဒရစ်အသင်း အောင်ပွဲခံ


ရီယယ်မက်ဒရစ် အသင်းဟာ (၁၀)ကြိမ်မြောက် ရခဲ့တဲ့ သူတို့ရဲ့ ဥရောပ ချန်ပီယံဆုနဲ့အတူ စပိန်နိုင်ငံ မက်ဒရစ်မြို့က ဘာနေဗျူကွင်းမှာ တနင်္ဂနွေနေ့က အောင်ပွဲခံခဲ့ပါတယ်။ ဥရောပ ချန်ပီယံဆုကို (၁၂)နှစ်ကြာမှ (၁၀)ကြိမ်မြောက်အနေနဲ့ ထပ်ရတဲ့ ရီယယ်ဟာ အခုအိမ်ကွင်းမှာ ပရိသတ်တွေနဲ့ ထပ်မံအောင်ပွဲခံတာ ဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက်လုံးမှာ (၁၇)ဂိုးနဲ့ ဂိုးအများဆုံး စံချိန်တင်ခဲ့တဲ့ ရိုနယ်ဒိုလည်း ဂိုးသမား ကာဆီးလက်၊ ဂါရက်ဘေး၊ ဆာဂျီယိုရာမို့တို့နဲ့အတူ ထောင်သောင်းချီတဲ့ ပရိသတ်ရှေ့မှာ အောင်ပွဲခံကြပါတယ်။ စနေနေ့က ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ကစားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီယယ်မက်ဒရစ်ဟာ တစ်နိုင်ငံတည်းက ပြိုင်ဘက်ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်ကို အချိန်ပို အပါအ၀င် (၄)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ကစားချိန် မိနစ်(၉၀)မှာပွဲပြီးဖို့ (၃)မိနစ်အလိုအထိ ရီယယ်က (၁)ဂိုးဂိုးမရှိ ရှုံးနေပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာမှ နောက်တန်းလူ ရာမို့က ခေါင်းတိုက်ဘောနဲ့ ချေပဂိုး သွင်းလိုက်ပါတယ်။ အဲဒါကြောင့် သရေကျပြီး အချိန်ပို ကစားရပါတယ်။ အချိန်ပိုမှာတော့ ဂါရက်ဘေး၊ မာစယ်လိုနဲ့ ရိုနယ်ဒိုတို့ရဲ့ ဂိုးတွေနဲ့ ရီယယ်အသင်း အနိုင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရီယယ်နည်းပြ အန်ဆယ်လော့တီဟာ ဥရောပ ချန်ပီယံဆု(၃)ခုနဲ့ အောင်ပွဲခံနိုင်တဲ့ ဒုတိယမြောက် နည်းပြဖြစ်လာပါတယ်။ သူဟာ အေစီမီလန်အသင်းနဲ့ (၂၀၀၃)နဲ့ (၂၀၀၇)ခုနှစ်မှာ ဥရောပ ချန်ပီယံဆုကို (၂)ကြိမ် ရခဲ့ပါတယ်။ ဥရောပ ချန်ပီယံဆု(၃)ကြိမ်ရ ပထမဆုံး မန်နေဂျာ ဘော့ပီယာ့စလေကတော့ လီဗာပူ တစ်သင်းတည်းနဲ့ (၁၉၇၇၊၇၈နဲ့၈၁)ခုနှစ်တို့မှာ (၃)ကြိမ်ရတာပါ။

No comments:

Post a Comment

back to top