Tuesday, May 27, 2014

မိုနာကို ဂရင်းပရီမှာ နီကိုရော့စ်ဘတ် အနိုင်ရ

မိုနာကိုနိုင်ငံ မွန်တီကာလိုမြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ မိုနာကိုဂရင်းပရီ ဖော်မြူလာဝမ်း ပြိုင်ပွဲမှာ နီကိုရော့စ်ဘတ် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဂျာမနီနိုင်ငံသား နီကိုရော့စ်ဘတ်ဟာ (၁)နာရီ(၄၉)မိနစ် (၂၇ဒသမ၆၆၁)စက္ကန့်နဲ့ ပထမရပြီး မိုနာကိုပြိုင်ပွဲမှာ (၂)နှစ်ဆက်တိုက် ချန်ပီယံဆုရတာ ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဒီအောင်ပွဲက ရော့စ်ဘတ်ရဲ့ ဒုတိယမြောက်အောင်ပွဲ ဖြစ်ပါတယ်။ သူ့နောက်ကနေ ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီတန်က (၀၉ဒသမ၂၁၀)စက္ကန့်အကွာနဲ့ ဒုတိယရပါတယ်။ ရော့စ်ဘတ်နဲ့ ဟာမီတန်တို့ (၂)ဦးစလုံးဟာ မာစီးဒီးအသင်းသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် မာစီဒီးအသင်းဟာ ဒီရာသီမှာ (၅)ပွဲဆက်တိုက် ပထမနဲ့ ဒုတိယနေရာတွေကို ရယူထားပါတယ်။ တတိယဆုကိုတော့ ရက်ဘူးရေးနော့ အသင်းရဲ့ သြစတြေးလျဒရိုင်ဗာ ဒယ်နီယယ်ရစ်စီယာဒိုက (၀၉ဒသမ၆၁၄)စက္ကန့်အကွာနဲ့ ရသွားပါတယ်။ ဖာရာရီအသင်းရဲ့ စပိန်ဒရိုင်ဗာ ဖာနန်ဒိုအလွန်ဆိုကတော့ (၃၂ဒသမ၄၅၂) စက္ကန့်အကွာနဲ့ စတုတ္ထရပါတယ်။ ဒီမိုနာကိုဂရင်းပရီက (၇၈)ပတ် မောင်းရတာဖြစ်ပြီး ပြိုင်ပွဲဝင် (၂၂)ဦးမှာ (၁၄)ဦးသာ ပန်းဝင်ကြပါတယ်။ မိုနာကိုပြိုင်ပွဲအပြီးမှာ ဒီရာသီရဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲ(၆)ပွဲ ပြီးစီးပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ချန်ပီယံဆုအတွက် အမှတ်ရရှိမှုမှာ မာစီဒီး အသင်းသားတွေဖြစ်တဲ့ ရော့စ်ဘတ်က (၁၂၂)မှတ်၊ ဟာမီတန်က (၁၁၈)မှတ်တို့နဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အလွန်ဆိုက (၆၁)မှတ်နဲ့ တတိယနေရာက လိုက်နေပါတယ်။

No comments:

Post a Comment

back to top