ဘရာဇီး တိုက်စစ် အင်အားကို အားမရဘူးလို့ ရီဗီလီနို ဝေဖန်တဲ့ သတင်း

ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူးဟောင်း ရီဗီလီနိုက လက်ရှိဘရာဇီးအသင်းမှာ တိုက်စစ်အင်အား နည်းနေတယ်လို့ တနင်္လာနေ့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ ခေတ်အဆက်ဆက် တိုက်စစ်မှူးကောင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဘရာဇီးရဲ့ အစဉ်အလာက အခုခေတ်မှာ ပြောင်းလဲသွားပြီး၊ ခံစစ်မှူးကောင်းတွေပဲ အများကြီး ပေါ်ထွက်လာတယ်လို့ သူက ဆက်လက် သုံးသပ်ပါတယ်။ ရီဗီလီနိုဟာ ၁၉၇၀ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးအသင်းသား တစ်ယောက်ပါ။ သူက ’’ခံစစ်မှာကြည့်ရင် သီယာဂိုဆေးလ်ဗားလို အရည်အချင်းရှိ ကစားသမားရှိတာကို တွေ့ရပါမယ်။ သူ့ခြေစွမ်းဟာ ၁၉၉၄ကမ္ဘာ့ဖလားရ အသင်းနဲ့သာ မဟုတ်ပါဘူး ၁၉၇၀ကမ္ဘာ့ဖလားရ အသင်းနဲ့လည်း အံဝင်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက တိုက်စစ်မှာ ကစားသမား ရွေးချယ်ခွင့် အရမ်းနည်းနေပါတယ်။ ကျွန်တော့်အထင် ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတလျှောက် လက်ရှိအသင်းဟာ တိုက်စစ်ထက် ခံစစ်မှူးကောင်းတွေ အများဆုံး ပါဝင်တဲ့ အသင်းလို့တောင် သတ်မှတ်ချင်ပါတယ်’’လို့ ပြောပါတယ်။
No comments:
Post a Comment