Monday, May 26, 2014

ကမ္ဘာ့ဖလား ပွဲအတွက် အမေရိကန်အသင်း ပြင်ဆင်






အမေရိကန် လက်ရွေးစင်(၂၃)ဦးဟာ ကမ္ဘာ့ဖလား ပွဲအတွက် ပြင်ဆင်မှုကို သောကြာနေ့က ကာလီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တိုမြို့မှာ စတင် ပြုလုပ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန် အသင်းမှာ သွင်းဂိုးအများဆုံး စံချိန်တင်ထားတဲ့ တိုက်စစ်မှူး လင်ဒန်ဒိုနိုဗန် မပါဝင်ပါဘူး။ နည်းပြကလင်းစမန်းကတော့ ဒိုနိုဗန်ကို ချန်ထားဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်အသင်း ဂိုးသမား တင်ဟောင်းဝပ်က "ကျွန်တော်တို့ ညီအစ်ကိုလို ဖြစ်နေတဲ့ အသင်းဖော်တွေ ကျန်ခဲ့တာကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဘရာဇီးလ်ကို အကုန်လုံး ခေါ်သွားလို့ မရတာကို နားလည်ပါတယ်"လို့ ပြောကြားပါတယ်။ တိုက်စစ်မှူး ဒိုနိုဗန်ဟာ အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့ဖလားပွဲကို (၃)ကြိမ်တိုင် ပါဝင်ကစားခဲ့ပါတယ်။ အမေရိကန် အသင်းရဲ့ လက်ရှိတိုက်စစ်မှူးဖြစ်တဲ့ ကလင့်ဒမ်ဆေးကလည်း "ဘရာဇီးလ် ခေါ်သွားဖို့ အပြီးသတ် ရွေးချယ်လိုက်တဲ့ သူတွေဟာ စွမ်းရည်မြင့်မားတဲ့ သူတွေဆိုတာ အားလုံးအသိပါ။ နည်းပြအနေနဲ့က ဆုံးဖြတ်ဖို့ ခက်မှာပါပဲ။ အကောင်းဆုံး အသင်းဖြစ်ဖို့ သူရွေးချယ်ခဲ့တာကို ကျွန်တော်တို့ နားလည်ပါတယ်"လို့ ပြောပါတယ်။ အမေရိကန် အသင်းဟာ ဘရာဇီးလ်ကို မသွားခင်မှာ အဇာဘိုင်ဂျန်၊ တူရကီ၊ နိုင်ဂျီးရီးယားတို့နဲ့ ခြေစမ်းပွဲ ကစားပါမယ်။ ကမ္ဘာ့ဖလားပွဲမှာတော့ အမေရိကန် အသင်းဟာ အုပ်စု(G)မှာ ပါဝင်နေပြီး ဂါနာ၊ ပေါ်တူဂီ၊ဂျာမနီတို့နဲ့ ကစားရပါမယ်။

No comments:

Post a Comment

back to top