ဂျာမနီ အသင်းမှာ ကစားခွင့်ရဖို့ ရှာရယ် မျှော်လင့်

ချဲလ်ဆီး ကွင်းလယ်လူ ရှာရယ်က ဂျာမနီလက်ရွေးစင် အသင်းမှာ အဓိကကစားသမား တစ်ဦးအနေနဲ့ ပါဝင်ကစားခွင့် ရလိုကြောင်းကို သောကြာနေ့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားပါတယ်။ ရှာရယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီး အသင်းအတွက် (၄၃)ပွဲ ကစားခွင့်ရခဲ့ပြီး (၉)ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီလိုချဲလ်ဆီးအသင်းမှာ ပွဲကစားခွင့် ရတာက သူ့ကိုအများကြီး အထေက်အကူပြုမယ်လို့လည်း ရှာရယ် ယုံကြည်နေပါ တယ်။ သူက ’’ကျွန်တော် ချဲလ်ဆီးကို ပြောင်းလာတာဟာ အကောင်းဆုံး ကစားနိုင်ဖို့နဲ့ ကျွန်တော့်ရဲ့ တိုးတက်မှုကို လက်ရွေးစင် အသင်းနည်းပြ မြင်စေချင်တဲ့ ဆန္ဒတွေကြောင့်ပါ။ ကျွန်တော် စွမ်းဆောင်နိုင်တာ အားလုံးကို ချဲလ်ဆီးအသင်းမှာ ပြခဲ့ပြီးပါပြီ။ ကိုယ်လိုချင်တဲ့ ပုံစံရနေတာကြောင့် ဂျာမနီအသင်းမှာလည်း အရေးပါတဲ့ ကဏ္ဍမှာ ပါခွင့်ရမယ်လို့ မျှော်လင့်ပါတယ်’’လို့ ပြောပါတယ်။ ဂျာမနီအသင်းဟာ ဗုဒ္ဓဟူးနေ့ကစပြီး အီတလီနိုင်ငံ၊ အဲ့လ်ပ်တောင်တန်းဒေသက ကျေးရွာလေး တစ်ခုမှာ စခန်းသွင်း လေ့ကျင့်နေပါတယ်။ ရှေ့တစ်ပတ်မှာ ဂျာမနီနိုင်ငံကိုပြန်ပြီး ကင်မရွန်း၊ အာမေနီးယား အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားပြီး ဇွန်လ(၆)ရက်နေ့မှာ ဘရာဇီးနိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။
No comments:
Post a Comment