Thursday, May 29, 2014

မြန်မာနိုင်ငံ အတွင်းရှိ မြစ်ချောင်း များတွင် အလို အလျောက် မြစ်ရေ တိုင်းတာမည့် စနစ် နေရာ ၆ဝ တွင် တပ်ဆင်မည်

မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများတွင် မြစ်ရေကြီးမှု အန္တရာယ်များကို ကြိုတင်ကာကွယ်မှုနှင့် သတိပေးချက်များ ထုတ်ပြန်နိုင်ရန် အလိုအလျောက် မြစ်ရေတိုင်းတာမည့် စနစ်ကို နေရာ ၆ဝ တွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အလိုအလျောက် မြစ်ရေတိုင်းတာမည့် စနစ် သည် လေတိုက်နှုန်း၊ မိုးရေချိန်၊ လေထုအတွင်းရှိသည့်  စိုထိုင်းစများ၊  မြစ်ချောင်းရေ  မြင့်တက်မှု များကို ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် တစ်ခုခုဖြင့် ချိတ်ဆက်၍ မည်သည့် နေရာတွင်မဆို  စောင့် ကြည့်နိုင်ကြောင်း၊ မြစ်ချောင်းများတွင် ကနဦး စိုးရိမ်ရေအမှတ် ၃ ပေ အောက် ရောက်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အချိန်နှင့်တစ်ပြေးညီ အလိုအလျောက် မက်ဆေ့ခ်ျ များ ပေးပို့ကြောင်း သိရသည်။
ယင်းစက်များကို ရွှေချမ်းသာကုမ္ပဏီမှ တာဝန်ယူ တပ်ဆင်ပေးလျက်ရှိပြီး မိုးရာသီရောက် တိုင်း နှစ် စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော ပဲခူး၊ တောင်ငူ၊ ရွှေကျင်၊ ဟင်္သာတ နှင့် ဘားအံတို့၌  စမ်းသပ် တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ထိန်းသိမ်းရန် လိုအပ်လျက် ရှိသည့် မြစ်ချောင်း များကို နိုင်ငံတော်မှ ပေးအပ်သော  ဘတ်ဂျက်နှင့် အတူ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့ သည့် နှစ်များအတွင်း မြစ်ချောင်းများ၌ လုပ်ကိုင်နေသော လုပ်ငန်းများကြောင့် မြစ်ကြောင်း ရှိ ရေ လမ်းကြောင်း ပြောင်းလဲခြင်း၊ ရေချိုအပိုင်း လျော့နည်းလာခြင်းနှင့် မြစ်ကမ်း ပြိုခြင်းများ ရှိလာကြောင်း၊ ယင်းအတွက် ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယခုအလို အလျောက် မြစ်ရေ တိုင်းတာမည့် စနစ်သည် မြစ်ချောင်းများ၏ အခြေအနေနှင့် သဘာဝဘေး အန္တရာယ်ရှိမှုကို ကြိုတင် သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top