Thursday, May 29, 2014

ရန်ကုန် မြို့ပတ် ရထားလမ်း တစ်လျှောက်ရှိ ဘူတာ ဂိတ်ပေါင်း ၂၅ ခုကို လာမည့် နှစ်တွင် အဆင့် မြှင့်တင် နိုင်ရန် မျှော်မှန်း 

ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်ရှိ ဘူတာဂိတ်ပေါင်း ၂၅ ခုကို လာမည့် ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်တင် နိုင်ရန် မျှော်မှန်းထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့်  ဆောင်ရွက်မည်ဖြစ်ပြီး အဓိကအားဖြင့် နည်းစနစ်ပိုင်း ဆိုင်ရာအဆင့်မြှင့်တင် သွားမည်ဖြစ်သည်။  အဆိုပါ အဆင့်မြှင့်တင်မှုကို   စီမံကိန်း တစ်ခုအဖြစ် မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်  ထည့်သွင်းထားပြီး အမြန်ဆုံး လုပ်ဆောင်မည်ဖြစ်သည်။ ရန်ကုန်မြို့ပတ် ရထားဘူတာ ဂိတ်များတွင် ရထားလာပါက လူဖြင့်အဖွင့်အပိတ် လုပ်ရသည့်စနစ်ကို   စက်များနှင့်  အလိုအလျောက် ပိတ်သည့် စနစ်အဖြစ် ပြောင်းလဲ လုပ်ဆောင်သွား မည် ဖြစ်ကြောင်း  သိရသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကဏ္ဍအမျိုးမျိုးကို ပြုပြင်ပြောင်းလဲရန် ပြီးခဲ့သည့်နှစ်များမှ စတင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ရာ လက်ရှိတွင်လည်း ရန်ကုန် -မန္တလေးရထားလမ်း၊ ရန်ကုန်ဘူတာကြီး၊ မြို့ပတ် ရထားလမ်းစနစ် အစရှိသည်တို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းဖြင့် တိုးတက်မှု ရရှိလာအောင် ဆောင်ရွက်လျက် ရှိနေကြောင်းသိရသည်။ ပြင်ဆင်မှု အပိုင်းများပေါ် မူတည်၍ ပြည်တွင်း ကုမ္ပဏီ၊ ပြည်ပကုမ္ပဏီ ရွေးချယ် လုပ်ကိုင် ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်-ပဲခူး ရထားလမ်း ပိုင်းအချို့ကို ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်မှု များ ပြုလုပ်လျက် ရှိသည်။ အနာဂတ်ကာလတွင် ရထားပို့ဆောင်ရေး ကဏ္ဍသည် မြန်မာနိုင်ငံ၏ အဓိကပို့ဆောင်ရေး ကဏ္ဍတစ်ခုအဖြစ် ပေါ်ပေါက်လာရန်  ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

 

No comments:

Post a Comment

back to top