စပိန်အသင်း ထပ်ပြီး ဗိုလ်မစွဲနိုင်ဘူးလို့ ဖီဂို ပြောကြား

ပေါ်တူဂီ ဘောလုံးအကျော်အမော် လူးဝစ်ဖီဂိုက လက်ရှိချန်ပီယံ စပိန်အသင်းဟာ ဒီနှစ်ကမ္ဘာ့လားပွဲမှာ ထပ်ပြီး ဗိုလ်မစွဲနိုင်ပါဘူးလို့ မက်ဒရစ်မြို့မှာ အင်္ဂါနေ့က ပြောကြားပါတယ်။ ဖီဂိုဟာ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပွဲ (၂)ကြိမ်ကစားခဲ့ပြီး ကလပ်အသင်းအနေနဲ့ ဘာစီလိုနာ၊ ရီယယ်မက်ဒရစ်နဲ့ အင်တာမီလန်တို့မှာ ကစားခဲ့ပါတယ်။ "(၁၉၆၂)နောက်ပိုင်းကစပြီး ဘယ်နိုင်ငံမှ ကမ္ဘာ့ဖလားကို (၂)ကြိမ်ဆက် မရဖူးပါဘူး။ ဒါကြောင့် စပိန်လည်း ဒီနှစ်မှာ ထပ်မရနိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် စပိန်အသင်းမှာ ချန်ပီယံဖြစ်နိုင်တဲ့ အရည်အသွေး ရှိပါတယ်"လို့ ဖီဂိုက ပြောပါတယ်။ ဘရာဇီးလ်ကိုတော့ အိမ်ရှင်အားသာချက်နဲ့ ဗိုလ်စွဲသွားနိုင်တယ်လို့ ဖီဂိုက ခန့်မှန်းပါတယ်။ "ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလားကို (၅)ကြိမ် ရထားတယ်။ အအောင်မြင်ဆုံး အသင်းပါ။ ဒီနှစ်မှာ တာဝန်ယူထားတဲ့ နည်းပြစကိုလာရီကလည်း အောင်မြင်ခဲ့တဲ့ နည်းပြပါတယ်။ အိမ်ရှင်ကလည်း ဖြစ်နေတော့ ဘရာဇီးလ်ပဲ ဗိုလ်စွဲနိုင်တဲ့ အခြေအနေ အမြင့်ဆုံးပါပဲ။ ဘရာဇီးလ်ပြီးရင်တော့ ဂျာမနီက အလားအလာ အရှိဆုံးပါပဲ။ (၂၀၀၆)ဥရောပဖလားပွဲ အပြီးမှာ ဂျာမနီဟာ လူငယ်တွေနဲ့ အသင်းကို အားဖြည့်ထားတာ အတော်ကောင်းပါတယ်။ ဂျာမနီနောက်က ဆိုရင်တော့ အာဂျင်တီးနား ဒါမှမဟုတ် စပိန်တို့ ဗိုလ်စွဲနိုင်ပါတယ်။ အဲဒီအသင်းတွေပြီးရင်တော့ ပေါ်တူဂီနဲ့ ဟော်လန်ပါပဲ"လို့ ဖီဂိုက ပြောပါတယ်။ ဖီဂိုနဲ့ စပိန်လက်ရွေးစင် မာတာတို့ဟာ လောရီးယပ် ကမ္ဘာ့အားကစား အကယ်ဒမီရဲ့ သံတမာန်တွေအနေနဲ့ မက်ဒရစ်မြို့ကို ရောက်နေတာဖြစ်ပါတယ်။
No comments:
Post a Comment