ရောမ မာစတာမှ စောစီးစွာ ထွက်ခွာရခြင်းသည် အကောင်းဘက်သို့ ဦးတည်သည်ဟု ရှာရာပိုဗာ ပြော

လက်ရှိ ကမ္ဘာ့အဆင့်(၈) တင်းနစ်မယ် မာရီယာရှာရာပိုဗာက ပြီးခဲ့သည့် ရောမမာစတာ တင်းနစ်ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာခဲ့ရခြင်းသည် ပြင်သစ်အိုးပင်းအတွက် အကောင်းဘက်သို့ ဦးတည်သည်ဟု ပြောကြားခဲ့သည်။ ရှာရာပိုဗာသည် ပြီးခဲ့သည့် မြေစေးကွင်း ပွဲစဉ်များဖြစ်သည့် စတုဂတ်အိုးပင်းနှင့် မက်ဒရစ်မာစတာ ပြိုင်ပွဲများတွင် ဆက်တိုက် အနိုင်ရယူနိုင်ခဲ့ သော်လည်း ရောမမာစတာတွင်မူ အန်နာအီဗန်နိုဗစ် အား ရှုံးနိမ့်၍ စောစီးစွာ ထွက်ခွာခဲ့ရသူလည်း ဖြစ်သည်။ “ဒီဖြစ်ရပ်ဟာ ကျွန်မအတွက် သူများထက် ပိုပြီး နားရက်ရစေခဲ့တယ်လို့ပဲ ယူဆပါတယ်” ဟု ရှာရာပိုဗာက ဆိုသည်။ ယင်းအသက်(၂၇)နှစ်အရွယ် ရုရှားတင်းနစ်မယ်သည် ပြင်သစ်အိုးပင်း ပြိုင်ပွဲများတွင် ၂၀၁၂ ခုနှစ်က ချန်ပီယံဆုနှင့် ၂၀၁၃ ခုနှစ်တွင် ဗိုလ်လုပွဲအထိ တက်ရောက် မှတ်တမ်းရေးထိုး နိုင်ခဲ့သူလည်း ဖြစ်သည်။“ကွင်းထဲကို အစောဆုံး အရောက်သွားပြီး ကွင်းထဲမှာ အကြာဆုံး ယှဉ်ပြိုင်ပြီး နောက်ဆုံး တစ်ယောက်ယောက်ကို ရှုံးနိမ့်မသွားခင် အချိန်အထိ အကောင်းဆုံး ယှဉ်ပြိုင်ကစားပါ။ ဒါဟာ ကျွန်မရဲ့ ဒဿနပါပဲ” ဟု ရှာရာပိုဗာက သတင်းထောက်များအား ပြောကြားသွားခဲ့သည်။ ရှာရာပိုဗာသည် ၂၀၁၃ ခုနှစ်အတွင်းက ဒဏ်ရာပြဿနာများနှင့် နပမ်းလုံးနေခဲ့ရသူဖြစ်ပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင်းလည်း ရလဒ်ဆိုးရွားနေခဲ့သူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် စတုဂတ်အိုးပင်းနှင့် မက်ဒရစ်မာစတာ ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့သဖြင့် ပြင်သစ်အိုးပင်း မြေစေးကွင်း ပွဲစဉ်အတွက် ရေပန်းစား လာခဲ့ကြောင်းလည်း သိရသည်။
No comments:
Post a Comment