ဖာရာရီနှင့် မက္ကလာရင် အသင်းတို့ အနေဖြင့် ဗျူဟာပြောင်းလဲသင့် ဟုအလိန်းပရို့စ် ပြော

ဖော်မြူလာဝမ်း ဂန္ထ၀င်တစ်ဦးနှင့် ကမ္ဘာ့ချန်ပီယံဆုအား လေးကြိမ်အထိ ရယူထားခဲ့ဖူးသည့် ပြင်သစ်ကားမောင်း သမားဟောင်း အလိန်းပရို့စ်က ဖာရာရီနှင့် မက္ကလာရင် အသင်းတို့အနေဖြင့် လက်ရှိပုံစံကောင်းများ ပြသနေသည့် မာစီဒီးနှင့် ရက်ဒ်ဘူးလ်တို့အား လိုက်မီနိုင်ရန်အတွက် နည်းဗျူဟာသစ် ပြောင်းလဲ အသုံးပြုသင့်ပြီ ဖြစ်ကြောင်း ဝေဖန် ပြောကြားလိုက်သည်။ မက္ကလာရင်အသင်း၊ ဖာရာရီအသင်းနှင့် ၀ီလီယမ် အသင်းများတွင် ကားမောင်းသမား တစ်ဦးအဖြစ် ဖော်မြူလာဝမ်း သမိုင်းတစ်ခုအား ရေးထိုးနိုင်ခဲ့သည့် အလိန်းပရို့စ်သည် မက္ကလာရင်၊ ၀ီလီယမ်အသင်းတို့တွင် ကမ္ဘာ့ချန်ပီယံဆုအား ရယူနိုင်ခဲ့သူဖြစ်ပြီး ဖာရာရီအသင်းတွင်မူ ကမ္ဘာ့ချန်ပီယံ တန်းစီဇယား၌ ဒုတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်သည်။ “ပြီးတဲ့နှစ်ပိုင်းအတွင်းမှာ ရက်ဒ်ဘူးလ်အသင်း စိုးမိုးနေခဲ့တော့ သူတို့တွေ(အခြားအသင်းများ)အနေနဲ့ နည်းဗျူဟာ ပြောင်းလဲ အသုံးပြုခဲ့ကြရပါတယ်။ ဒီထဲမှာ အအောင်မြင်ဆုံးကတော့ မာစီဒီးအသင်းပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်ကတည်းက သူတို့အနေနဲ့ ကြိုးစားအားထုတ်နေခဲ့တာကို ကျွန်တော် တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ သူတို့ရဲ့နှစ် ဖြစ်လာခဲ့တာပါ။ ရေးနော့လ် အနေနဲ့တော့ ဒီနှစ်မှာ မာစီဒီးကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဖာရာရီနဲ့ မက္ကလာရင်တို့မှာတော့ အခွင့်အရေး ရှိနေပါသေးတယ်။ ဒါကြောင့် ဆက်လက် ယှဉ်ပြိုင်ချင်သေးတယ် ဆိုရင်တော့ သူတို့အနေနဲ့ နည်းဗျူဟာပိုင်း၊ အစီအစဉ်ပိုင်းတွေ ပြောင်းလဲအသုံးပြုဖို့ အချိန်ရောက်နေပါပြီ” ဟု အလိန်းပရို့စ်က သုံးသပ် ပြောကြားသွားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment