ဘဝတစ်ခု တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တာက ပညာပါ ဘဝအတွက် အရေးပါတဲ့ အရာတစ်ခုပါ ဆိုတဲ့ အဆိုတော် အိမ့်ချစ်
အနုပညာရှင်တွေရဲ့ ပညာရေးအပေါ် မြင်တဲ့
အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ဒီတစ်ပတ် အတွက် ဖော်ပြ ပေးချင်တာကတော့ လက်ရှိ
အနုပညာရပ်ဝန်းမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော် အိမ့်ချစ်ရဲ့
ပညာရေးအပေါ် ယုံကြည် လိုက်စားမှုကို ဖော်ပြ ပေးလိုက်ပါတယ်။
မိဘတွေရဲ့ ပညာရေးအပေါ် အထူး လမ်းညွှန်
အားပေးမှုတွေကို ရရှိခဲ့တဲ့ အိမ့်ချစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ
အောင်မြင်ပြီးချိန်မှာ သူဝါသနာပါတဲ့ ဘာသာစကား လေ့လာနိုင်ရေး အတွက် အင်္ဂလိပ်
အထူးပြု ဘာသာရပ်ကို ရွေးချယ်ခဲ့ပြီး B.A (English) ဘွဲ့ကို ရယူခဲ့ပါတယ်။
သူက လူမျိုး တစ်မျိုးချင်းစီရဲ့ ဘာသာ စကားတွေကို စိတ်ဝင်တစား လေ့လာ
လိုက်စားလိုသူပါ။ ဒါကြောင့်လည်း နောက်ထပ် ပြင်သစ် ဘာသာ စကားကို ထပ်မံ သင်ယူ
လေ့လာ ခဲ့ပြန်ပါတယ်။
အိမ့်ချစ် ပြောပြတဲ့ သူ့ရဲ့ ပညာရေးအပေါ်
အမြင်လေးကတော့ ''လူတစ်ယောက်ရဲ့ ဘဝ ရပ်တည်ရေး အတွက် ပညာရေးဟာ အများကြီး
အရေးပါသလို မရှိမဖြစ် လိုအပ်တဲ့ အရာလို့ အိမ့်ချစ် မြင်တယ်။ ဘဝတစ်ခု
တည်ဆောက်ရာမှာ ပညာနဲ့ တည်ဆောက်တာဟာ အကောင်းဆုံးပါ။ ပညာဟာ လူ့ဘဝရဲ့
အဆင့်အတန်းပဲ။ ပညာရှိတဲ့သူကို လူတွေက မနှိမ်ရဲဘူး။ ဘဝမှာ အမှားအမှန်
ဆုံးဖြတ်နိုင်စွမ်း အတွက် ပညာရှိနေဖို့ အများကြီး လိုအပ်ပါတယ်။ အများ
ပြောကြသလိုပေါ့။ ပညာဟာ လူ့အဆင့်အတန်းလို့ ပြောချင် တာပါ'' လို့ ဆိုပါတယ်။
လက်ရှိ အနုပညာ ရပ်ဝန်းမှာ
အောင်မြင်မှုတွေနဲ့ အနုပညာ အလုပ်တွေကို မနားမနေ ကြိုးစား လုပ်ဆောင် နေတဲ့
အိမ့်ချစ်က သူ ယုံကြည် တတ်မြောက်လိုတဲ့ ပညာရပ် သင်ယူမှုတွေကိုလည်း
တစ်ဖက်တစ်လမ်းက ရှာဖွေ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အထူးပြု
ဘာသာရပ်နဲ့ B.A ဘွဲ့ ရရှိထားတဲ့ အိမ့်ချစ်က Diploma in (ELTM) ပညာရပ်ကို
ဆက်လက် ရယူခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလိပ်စာ ဘာသာရပ်ကို အခြား သူတွေကိုပါ
ပြန်လည်သင်ကြား ဖြန့်ဝေနိုင်သူ တစ်ယောက်ဖြစ်ဖို့ M.A (TEFL) ဘွဲ့ကို
ထပ်မံဆွတ်ခူးဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
''ပရိသတ်တွေကို အိမ့်ချစ် ပြောချင်ပါတယ်။
မိဘတွေ အနေနဲ့ သား၊ သမီးတွေရဲ့ ပညာရေးကို ပိုမို ပံ့ပိုးပြီး အထူး
ဂရုစိုက်ကြပါ။ အိမ့်ချစ်တို့ နိုင်ငံက ခေတ်ပညာတတ်တွေ အများကြီးရှိဖို့
လိုအပ်နေတဲ့ အတွက် ပညာ တတ်တွေ မွေးထုတ်ပေးဖို့ အများကြီး လိုအပ်နေပါတယ်''
လို့ အိမ့်ချစ်က ဖွင့်ဟ ပြောပြခဲ့ပါတယ်။ အနုပညာ အလုပ် တစ်ဖက်၊ ပညာရေး
လေ့လာလိုက်စားမှု တစ်ဖက်နဲ့ မအားမလပ် ရှိနေတဲ့ အိမ့်ချစ်က လက်ရှိမှာတော့
သူ့ရဲ့ ဒုတိယမြောက် တေးစီးရီး အတွက် VCD ရိုက်ကူးနေတယ်လို့ သိရပါတယ်။

No comments:
Post a Comment