(၈၈) ကြိမ်မြောက် သစ္စာအဓိဌာန် စတုဒီသာအလှူပွဲနှင့် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ အမှတ် (၁) ရပ်ကွက်ရှိ လောက မှန်ကူ ဆုဆောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ မဟာသီရိ မင်္ဂလာ ရာမကျောင်းတိုက်တိုင်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဒေ၀ဒဟ သဗ္ဗသိန္ဓိ နတ်စင်တရာကျောင်းတိုက် အထူးသာသနာပြု ဆရာတော် သဒ္ဒန္တ ပညာတေဇ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဇနီးဒေါ်နီနီဝင်း မိသားစုတို့က ဦးဆောင်၍ ပင်မ စတုဒီသာ အလှူရှင်များနှင့် ပူးပေါင်း လှူဒါန်းသော (၈၈) ကြိမ်မြောက် သစ္စာအဓိဌာန် စတုဒီသာ အလှူပွဲနှင့် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကျင်းပကို ဧပြီ ၂၇ ရက် နံနက် (၈) နာရီတွင် စတင် ကျွေးမွေးလှူဒါန်းခဲ့သည်။
ရှေးဦးစွာ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက လောကမှန်ကူ ဆုတောင်းပြည့်စေ တီတော်မြတ်ကြီး၏ ဂြိုလ်ထောင့်ရှစ်ထောင့်၌ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက် ကပ်လှူဒါန်းပြီး စေတီတော်ရင်ပြင်တွင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သံဃာအပါး ၂၀၆ ပါးအား သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ရာ သင်္ကန်းများ၊ ဒံပေါက်ဆွမ်း၊ ဆွမ်းဆန်တော်၊ ၀တ္တုနှင့် ရဟန်းအသုံးအဆောင် လှူဖွယ်ပစ္စည်းများကို တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့် နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး ပါတီဝင်များ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းနှင့်ဇနီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဖွဲ့နှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များ၊ NGO များ က လောင်းလှူ ခဲ့ကြသည်။
အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကရင်ဒုံးယိမ်းအဖွဲ့များ၊ အိုးစည်ဒိုးပတ်အဖွဲ့များ နှင့် စိန်မြင့်ခိုင် ဆိုင်းအဖွဲ့တို့က တီးခတ်သီဆိုဖျော်ဖြေ ခဲ့ကြသည်။ စတုဒီသာအလှူတွင် လူတစ်သိန်းကျော်အား ငါးခြောက်နှပ်၊ ဟင်းချို၊ ငံပြာရည်ကြော်၊ တို့စရာများဖြင့် ကျွေးမွေးခဲ့သည်။
ရင်ပြင်တော်ပေါ်တွင် ပြုလုပ်သော သံဃာ ၂၀၆ ပါး ဆွမ်းလောင်းလှူပွဲသို့ နတ်စင်တရာ ဆရာတော်ကြီးနှင့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး၊ မတည်အလှူရှင်များ၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ သာပေါင်း မြို့နယ်တို့မှ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် ပါတီ ကော်မတီဝင်များ၊ ကန်ကြီးထောင့်မြို့နယ် အတွင်းရေးမှူး ဦးကျော်ဝင်းနှင့် ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ပြည်သူများ စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment