Wednesday, April 30, 2014

အာဂျင်တီးနား မိုတိုဂရင်းပရီမှာ မတ်မာကွစ် အနိုင်ရတဲ့ သတင်း



တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ အာဂျင်တီးနား ဂရင်းပရီမှာ MotoGPချန်ပီယံဆုကို စပိန်နိုင်ငံသား မတ်မာကွစ်က ရသွားပါတယ်။ အင်ဂျင်အား(500cc)နဲ့ ပြိုင်ရတဲ့ MotoGPပြိုင်ပွဲမှာ အသက်(၂၁)နှစ်သာ ရှိသေးတဲ့ မတ်မာကွစ်က (၄၁)မိနစ်(၃၉ဒသမ၈၂၁)စက္ကန့်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဟွန်ဒါအသင်းသား မာကွစ်ဟာ ဒီရာသီရဲ့ ပွဲဦးထွက် (၂)ပွဲမှာလည်း ဗိုလ်စွဲထားပါတယ်။ ဒါကြောင့် သူဟာ ရာသီအစ ပြိုင်ပွဲ(၃)ပွဲလုံးကို ထိပ်ဆုံးက တာထွက်ပြီး ဗိုလ်စွဲနိုင်တဲ့ MotoGPချန်ပီယံအဖြစ် မှတ်တမ်း ၀င်သွားပါတယ်။ အဲဒီလို(၃)ပွဲလုံး ဗိုလ်စွဲနိုင်တာဟာ (၁၉၇၁)ခုနှစ်မှာ အီတလီနိုင်ငံသား အဂေါ့စ်တီနီက နောက်ဆုံးဖြစ်လို့ မတ်မာကွစ်ဟာ (၄၃)နှစ်အတွင်းမှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ (၃)ပွဲဆက် ချန်ပီယံ ဖြစ်ပါတယ်။ မတ်မာကွစ်လို စပိန်နိုင်ငံသားဖြစ်ပြီး ဟွန်ဒါ အသင်းဖော်လည်းဖြစ်တဲ့ ဒါနီပီဒရိုဆာက (၄၁)မိနစ်(၄၁ဒသမ၆၅၈)စက္ကန့်နဲ့ ဒုတိယ ရပါတယ်။ ယာမာဟာ ဆိုင်ကယ်နဲ့ပြိုင်တဲ့ စပိန်နိုင်ငံသား ဂျော့လိုရင်ဇိုက (၄၁)မိနစ်(၄၃ဒသမ၀၂၂)စက္ကန့်နဲ့ တတိယ ရပါတယ်။ အင်ဂျင်အား (600cc)နဲ့ ပြိုင်ရတဲ့ Moto2ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား အက်စ်တိဗ်ရာဘက်က (၄၀)မိနစ်(၀၆ဒသမ၁၁၄)စက္ကန့်နဲ့ ပထမရပြီး ဘယ်ဂျီယံနိုင်ငံသား ဆီမီယွန်က ဒုတိယနဲ့ စပိန်နိုင်ငံသား လူးဝစ်ဆာလွန်းက တတိယ ရပါတယ်။ အင်ဂျင်အား(125cc)နဲ့ ပြိုင်ရတဲ့ Moto3ပြိုင်ပွဲမှာတော့ အီတလီနိုင်ငံသား ရိုမာနိုဖီနာတီက (၃၈)မိနစ် (၃၄ဒသမ၄၅၁)စက္ကန့်နဲ့ ပထမရပြီး စပိန်နိုင်ငံသား အဲလက်မာကွစ်က ဒုတိယနဲ့ သြစတြေးလျနိုင်ငံသား ဂျက်မီလာက တတိယ ရပါတယ်။

No comments:

Post a Comment

back to top