Wednesday, April 30, 2014

ဒတ်ခ်ျ ချန်ပီယံဆုကို အေဂျက်အသင်း (၄)နှစ်ဆက် ရရှိတဲ့ သတင်း






နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ တနင်္ဂနွေနေ့က အေဂျက်အသင်းဟာ (၄)နှစ်ဆက် ရရှိတဲ့ ဒတ်ခ်ျချန်ပီယံဆုနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ပြိုင်ပွဲသမိုင်း တစ်လျှောက်မှာတော့ ဒီချန်ပီယံဆုဟာ အေဂျက်အသင်း (၃၃)ခုမြောက် ရရှိတဲ့ဆု ဖြစ်ပါတယ်။ ပရိသတ် ထောင်ပေါင်း များစွာကလည်း နယ်သာလန်မြို့တော် အမ်စတာဒမ်ရဲ့ ပန်းခြံတစ်ခုမှာ စုဝေးပြီး အောင်ပွဲခံကြပါတယ်။ အဲဒီနေ့က ကစားတဲ့ ဒတ်ခ်ျလိဂ်ပွဲစဉ်မှာ အေဂျက်အသင်းဟာ ဟီရာကယ်အသင်းနဲ့ အဝေးကွင်းမှာ (၁)ဂိုးစီ သရေကျပါတယ်။ ဒါကြောင့် အေဂျက်အသင်းဟာ (၃၃)ပွဲမှာ အမှတ်(၇၀)ရပြီး ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိတဲ့ အနီးဆုံးပြိုင်ဘက် ဖီယင်နွတ်က (၆၆)မှတ်နဲ့ အေဂျက်နဲ့ (၄)မှတ်အကွာမှာ ရှိနေပြီး ကစားဖို့(၁)ပွဲတည်း ကျန်ပါတော့တယ်။ နောက်ဆုံးပွဲမှာ ရလဒ်ဘယ်လိုပဲဖြစ်နေနေ ဖီယင်နွတ်အနေနဲ့ အေဂျက်ကို လိုက်မမီတော့လို့ အေဂျက်အသင်း အောင်ပွဲ ခံသွားတာ ဖြစ်ပါတယ်။ အေဂျက်နည်းပြ ဖရန့်ဒီဘိုးကတော့ "ဖီယင်နွတ်အသင်းကို ကျွန်တော်တို့ အကြိတ်အနယ် ပြိုင်ခဲ့ရတာပါ။ ကျွန်တော့် ကစားသမားတွေ အောင်ပွဲ ခံနိုင်သွားတဲ့အတွက် ၀မ်းသာပါတယ်"လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒတ်ခ်ျရှုံးထွက်ဖလား ဗိုလ်လုပွဲမှာတော့ အေဂျက် အသင်းဟာ ပီအီးစီဇိုလီ အသင်းကို (၅)ဂိုး(၁)ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ အဲဒီတုန်းက ကွင်းထဲကို မီးရှူးမီးပန်းတွေ ပစ်လွှတ်တဲ့ အေဂျက်ပရိသတ် (၁၉)ဦး အဖမ်းခံခဲ့ရပါတယ်။

No comments:

Post a Comment

back to top