Monday, April 7, 2014

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှ စ၍ ဘတ်ဂျက်စနစ်ကို ပြောင်းလဲမည် 

ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ဘတ်ဂျက်ခွဲဝေ ချထားပေးမှု စနစ်အား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြောင်းလဲ ကျင့်သုံးမည် ဖြစ်ကြောင်း ရသုံးမှန်ခြေ ငွေစာရင်း ဌာနရှိ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်နွယ်နွယ်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ စနစ်မှာ ဘတ်ဂျက်ခွဲဝေမှု စနစ်ကို Top-Down ပုံစံဖြင့် ပြောင်းလဲမည် ဖြစ်ကြောင်း ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် အတည်ပြုပြီး ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ဘတ်ဂျက် စနစ် ပြောင်း လဲခြင်းနှင့် ပတ်သက်၍ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦး က ''ပြောင်းလဲ ကျင့်သုံးမယ့် ဘတ်ဂျက်စနစ်မှာ သက်ဆိုင်ရာ ဌာနတွေအတွက် အသုံးစရိတ်တွေကို ဘယ်လောက် လိုပါတယ် ဆိုပြီး အောက်ခြေကနေ အထက်ကို တင်ပြမယ့် Buttom-Up ပုံစံမျိုး မဟုတ်တော့ ဘဲ ဘယ်ဌာန ကတော့ ဘယ်လောက် သုံးရမယ် ဆိုပြီး Frame ချပေးတဲ့ Top-Down စနစ် ဖြစ် ပါတယ်။ ဒီလို ဘတ်ဂျက်ချပေးရာမှာ ဘဏ္ဍာရေး ကော်မရှင်ကို တင်ပြပြီး အတည်ပြုတော့မှ လက်အောက်ခံ ဌာနတွေကို ပြန်ရောက် မှာ ဖြစ်ပါတယ်။ ဒီစနစ်မှာ ပြည်ထောင်စု အစိုးရရဲ့ ညွှန်ကြားမှု Guide line နဲ့ ဘတ်ဂျက်တွေချမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဘတ်ဂျက်စနစ် သစ်ကြောင့် သက်ဆိုင်ရာ ဌာနများ အနေဖြင့် စီမံကိန်း ပြင်ဆင်ရေးဆွဲမှု လျော့နည်း သွားနိုင်ကြောင်း သိရသည်။ ''မြို့နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်နဲ့ ပြည်ထောင်စု အဆင့် ဘတ်ဂျက် သုံးစွဲဖို့ စီမံကိန်း ရေးဆွဲသူတွေက သူတို့ ဆောင်ရွက်မယ့် စီမံကိန်းအတိုင်း ပြီးမြောက်ဖို့ အတွက် ရေး ဆွဲကြပြီး ဘတ်ဂျက်အတွက် လိုသလောက် တောင်းခံ ကြတယ်။ ဒါပေမဲ့ ဘတ်ဂျက်က အကန့် အသတ် ရှိတယ်။ စီမံကိန်းတွေက ကောင်းပေမယ့် သတ်မှတ်တဲ့ ငွေအတွက် ဘတ်ဂျက်က မလုံ မလောက် ဖြစ်တဲ့အခါ သူတို့ ရေးဆွဲထားတဲ့ လုပ်ငန်းတွေ ညှိရတာတွေ ရှိတဲ့အတွက် စီမံကိန်းကို ထိခိုက်စေနိုင်တယ်။ အခုလာမယ့် စနစ်မှာ ဘတ်ဂျက် ပမာဏကို ကြိုသိတဲ့အတွက် ဌာနတွေ အနေနဲ့ ကိုယ်သုံးရမယ့် စရိတ်ကို ဘယ်ကဏ္ဍမှာ အကောင်းဆုံး အသုံးချမယ် ဆိုတာကိုပဲ စဉ်းစား ရတော့မှာ ဖြစ် ပါတယ်။ အကျိုးရှိမယ့် စီမံကိန်းကို ဌာနတွေ အနေနဲ့ ကြိုတင်စီမံ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ကာလသတ် ဘဏ္ဍာရေး မူဘောင်အဖြစ် သုံးနှစ်စာ အတွက် အဆိုပါ ဘတ်ဂျက် စနစ်သစ်ကို ကျင့်သုံး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top