ရှဝိန်းစတိုင်ဂါ ထုတ်ပယ် ခံခဲ့ရမှုသည် တရားမျှတမှု မရှိဟု ဂွါဒီယိုလာဆို
April 2, 2014
ဘိုင်ယန်မြူးနစ် အသင်းနည်းပြ ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်
အသင်းနှင့် မန်ယူအသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သော ချန်ပီယံလိဂ်
ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် ဘိုင်ယန်အသင်း ကွင်းလယ် ကစားသမား
ရှဝိန်းစတိုင်ဂါ ထုတ်ပယ် ခံခဲ့ရမှုသည် တရားမျှတမှုမရှိဟု ပြောကြားခဲ့ကြောင်း
သိရသည်။ အဆိုပါပွဲစဉ် ပွဲပြီးခါနီး အချိန်တွင် ရှဝိန်းစတိုင်ဂါသည်
မန်ယူအသင်း တိုက်စစ်မှူး ၀ိန်းရွန်းနီကို ဖျက်ထုတ်ခဲ့ပြီးနောက်
ဒုတိယအကြိမ်မြောက် အ၀ါကတ် ပြသခံခဲ့ရပြီး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်
ခံခဲ့ရသည်။ လာမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ ဗုဒ္ဓဟူးနေ့ ပွဲစဉ်တွင်
ပွဲပယ်ခံရမည်ဖြစ်သော ရှဝိန်းစတိုင်ဂါ ထုတ်ပယ်ခံခဲ့ရမှုနှင့် ပတ်သက်၍
“လုံးဝကို ထုတ်ပယ် မခံခဲ့ရသင့်ပါဘူး။ ကျွန်တော် မမြင်လိုက်ပေမယ့် ကျွန်တော်
ဒိုင်လူကြီးကို စကားသွားပြောခဲ့ပါတယ်။ သူက သူ့အမြင်ကို ပြောခဲ့ပါတယ်။
ဒါကို ကျွန်တော် လက်ခံရပါမယ်။ သူက အရမ်းကောင်းတဲ့ ဒိုင်လူကြီးပါ။ သူဟာ
ပွဲကို အရမ်းအရမ်းကောင်းအောင် ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အနီကတ်ကတော့
တရားမမျှတခဲ့ပါဘူး။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ချန်ပီယံလိဂ်မှာ ဖလားရဖို့ဆိုတာက
အရာအားလုံးကို ဖြေရှင်းပြီး ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ ဘောလုံးလောကမှာ
ဒါမျိုးတွေ ဖြစ်တတ်ပါတယ်” ဟု ပြောကြားခဲ့သည်။
No comments:
Post a Comment