ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကရင်ပြည်နယ်မှ ဒေသခံပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြား
လွှတ်တော်များသည် ဥပဒေပြုရေးသာမက တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စရပ်များကိုပါ အလေး ထား ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဧပြီ (၂၆) ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသော ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲအခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီနှင့်ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးလျက် ရှိကြောင်း၊ ယခုကဲ့သို့ ကျင့်သုံးနိုင်ရန် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂ဝ၁၁ ခုနှစ်ဇန်နဝါရီလတွင်လွှတ်တော် များ ဖွဲ့စည်းခဲ့ပြီး မတ်လတွင် အစိုးရအဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များဟူ၍ ဖွဲ့စည်း ခဲ့ခြင်းဖြစ် ကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံး သည်ဟုဆိုရာတွင် တစ်နည်းအားဖြင့် ပြည်သူ့အုပ်ချုပ်ရေး စနစ်ပင် ဖြစ်ကြောင်း၊ ပြည်သူကရွေးချယ်ပေးသည့် ပြည်သူ့ ကိုယ်စားလှယ် များက ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်ခြင်းပင်ဖြစ်ကြောင်း။
ယနေ့ ပြည်သူ့ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်မှုသည်အထက်က အမိန့်ပေး အုပ်ချုပ်ခြင်းမဟုတ်ဘဲ ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းဖြစ်ကြောင်း၊ လွှတ်တော် အတွင်း၌ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း၊ ဥပဒေပြ ဋ္ဌာန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက် အုပ်ချုပ်မှုအပေါ် ပြည်သူများကလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့က ဥပဒေနှင့်အညီ မအုပ်ချုပ်လျှင်၊ ပြည်သူကဥပဒေကို မလိုက်နာလျှင်၊ ဥပဒေချိုးဖောက်မှုများကို မထိန်းသိမ်းလျှင် ဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း။ နိုင်ငံတော်သမ္မတကြီးက ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသောအစိုးရ ဖြစ်အောင် ဆောင်ရွက်ရမည်၊ ပြည်သူကို ဗဟိုပြု ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ပြည်သူအခြေပြု အုပ်ချုပ်ဆောင်ရွက်ရာတွင် ယခင်က အထက်မှအောက် (Top-Down) ဖြစ် ခဲ့ပြီးယခု အောက်မှအထက် (Bottom up) စနစ်ဖြစ်ကြောင်း၊ ယင်းစနစ် ပီပီ ပြင်ပြင်ဖြစ်လာရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်များ၌ စီမံခန့် ခွဲရေးကော်မတီ၊ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင် သာယာရေးကော်မတီတို့ကို ဖွဲ့စည်းပေး ခဲ့ခြင်းဖြစ်ကြောင်း။
လွှတ်တော်များ၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်သော်လည်း တိုင်းရင်း သားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်း ရေးရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ တွင် ငြိမ်းချမ်းမှုမရှိ၊ တရားဥပဒေ စိုးမိုးမှုမရှိ၊ အမျိုးသား ပြန်လည်သင့်မြတ်မှု မရှိဘူးဆိုလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်နိုင်မည် မဟုတ်ကြောင်း၊ လွှတ်တော်အတွင်း၌ ပါတီပေါင်း ၁၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်လျက် ရှိကြောင်း၊ ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများ အကျိုးရှိမည့် ကိစ္စရပ်များကို ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဝါဒ စွဲမထားဘဲ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ကရင် ပြည်နယ် အတွင်းရှိပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကို မေးကြည့်ပါက သိရှိနိုင်မည် ဖြစ်ကြောင်း။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးကို ယခင် ခေတ်ကာလများကလည်း လုပ်ဆောင်ခဲ့ကြောင်း၊ ကြွေးကြော်သံ များ၊ နှုတ်ပြော စကားများဖြင့် မလုံလောက်ကြောင်း၊ ကာယဝစီမနော ဆိုသကဲ့သို့ စဉ်းစား ပြောဆိုလုပ်ကိုင်ရန်လိုကြောင်း၊ အပြောနှင့် အလုပ် ညီညွတ်မှုရှိရန်၊ အပြောနောက်တွင် လက်တွေ့ပါရန်လိုကြောင်း၊ တိုင်းရင်း သားများကို အခြေခံဖွဲ့စည်းထားသည့် ပါတီများရှိကြောင်း၊ မည်သည့်ပါတီ ပင်ဖြစ်စေ ပြည်ထောင်စု အကျိုးအတွက် ဆောင်ရွက်မည်ဟူသော ရည်မှန်း ချက်၊ ရည်ရွယ်ချက် တူညီကြကြောင်း၊ တစ်ပါတီနှင့် တစ်ပါတီ ရန်သူကဲ့သို့ သဘောထား၍မရကြောင်း။
ကရင်ပြည်နယ်အတွင်း ယခင်က ငြိမ်းချမ်းမှုမရှိခဲ့၍ ပြည်သူများ နေထိုင် လုပ်ကိုင် စားသောက်မှု မည်မျှ အခက်အခဲကြုံရသည်ကို အားလုံး အသိ ပင် ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ငြိမ်းချမ်းသာယာမှ တိုင်းပြည် ငြိမ်းချမ်း သာယာမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် နှစ်ဖက် လက်နက် ကိုင် အဖွဲ့များတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ပြည်သူများလည်း ပါဝင်ရန် လိုအပ်ကြောင်း၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း။
ဘားအံမြို့သို့ ပထမအကြိမ် လာရောက်စဉ် တင်ပြခဲ့သည်များကို အချိန် အတိုင်းအတာတစ်ခုအရ ဆောင်ရွက်ပေးနိုင် ခဲ့ပြီဖြစ်ကြောင်း၊ လိုအပ်ချက် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောကြားရန်လိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်အတွင်း၌ ဆောင်ရွက်နေသော်လည်း အချိန်အကန့်အသတ်ရှိကြောင်း၊ ခရီးစဉ်များအတွင်း တင်ပြချက်များသည် လွှတ်တော်အတွင်း တင်ပြချက်များထက် ထူးခြားသည်များကို ကြားသိ ရကြောင်း၊ ဒေသလိုအပ်ချက်၊ ပြည်နယ် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး တိုင်းပြည်ဖွံ့ဖြိုးတက်ရေး ဆောင်ရွက်ရာ၌ တစ်တပ်တစ်အား ပါဝင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း က ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ ကော့ ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူ ပြုကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း က ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြသည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည် သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက် အကူပြုကော်မတီများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။


No comments:
Post a Comment