Wednesday, April 30, 2014

ဒေသခံပြည်သူများ၏အသံသည် လွှတ်တော်၌ 

ကြားသိရ သည့်အသံထက် ပို၍ ပြည့်စုံထိ ရောက်မှုရှိကြောင်း 

ပြည်ထောင်စု လွှတ်တော် နာယက ပြောကြား 


''ဒေသတွေကိုရောက်တဲ့အခါမှာ ပြည်သူတွေရဲ့အသံများဟာ လွှတ်တော်ထဲ မှာ ကြားသိပြီး အသံများထက် ပိုပြီးတော့ပြည့်စုံပါတယ်။ ပိုပြီးတော့လဲ ထိရောက်တဲ့ကိစ္စတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ရပ်နားချိန် နယ် အနှံ့သွားပြီး ပြည်သူများရဲ့အသံကို နားထောင်ပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဧပြီ ၂၉ ရက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီကျေးရွာ၌ ပြုလုပ်သော ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ၌ ပြောကြားသည်။
ထို့ကြောင့် ပြည်သူများ၏ ဆန္ဒသိဖို့လိုကြောင်း၊ ပြည်သူများထံမှ ကောင်းမွန် သည့် စေတနာများ ရရှိရန်လည်း လိုအပ်ကြောင်း၊ ဆန္ဒနှင့် စေတနာများ ကိုဖော်ထုတ်ပြီး မိမိတို့က ဥပဒေများ ဖော်ထုတ်ပေးရ ခြင်းဖြစ်ကြောင်း။ ဥပဒေပြဋ္ဌာန်းရန် မလိုသည့် ပြည်သူ့ဆန္ဒများကိုလည်း သက်ဆိုင်ရာဌာန တာဝန်ရှိသူများက မှန်ကန်သည်၊ လုပ်ဆောင်သင့်သည်ဆိုလျှင် လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း။


မြို့နယ်များမှာ ဖွဲ့စည်းထားသည့် ကော်မတီများကနေပြီး လိုအပ်ချက်များကို ယူပြီး လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် တင်ပြပေးရန် လိုအပ်ကြောင်း။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သည့်နေရာ၊ နိုင်ငံကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်သည့် နေရာတွင် ပြည်သူများ၏ အခန်းကဏ္ဍ အရေး ကြီးကြောင်း၊ အရေးကြီးသည်နှင့်အညီ ပွင့်ပွင့်လင်းလင်း တင်ပြခြင်းအားဖြင့် မိမိတို့လုပ်မည့်လုပ်ငန်းများ အဆင်ပြေ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း။
ယနေ့အစိုးရသည် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ကြောင်း၊ အစိုးရဆိုသည့် အဖွဲ့အစည်းမှာ လွှတ်တော်၊ အုပ်ချုပ်ရေး အဖွဲ့အစည်း နှင့် တရားရေးမဏ္ဍိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် အဖွဲ့ အစည်းများလည်း ပါဝင်ကြောင်း။ ထိုအဖွဲ့အစည်းများသည် လွှတ်တော်မှ ပြ ဋ္ဌာန်းလိုက်သည့်ဥပဒေနှင့်အညီ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ့်သဘော ကိုယ့်ဆန္ဒ နှင့် အမိန့်ပေး အုပ်ချုပ်၍ရသည့် ခေတ်မဟုတ်ကြောင်း ရှင်းလင်း ပြောကြားသည်။
''ဒေသခံပြည်သူများ ရေရှည် အသုံးပြုနိုင်ရေးအတွက် မြေယာအသုံးချ မှု ပေါ်လစီလည်း အမှန်တကယ် လိုအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်တွေဟာ ပြည်သူအကျိုးအတွက် ပဲဆောင်ရွက်ဖို့ဖြစ်ပါတယ်။ လွှတ်တော်မှာ ပြည်သူ့ ကိုယ်စားလှယ်များအနေနဲ့ တာဝန်ရှိထားတဲ့ အတိုင်း ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည် သူတို့ရဲ့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက် ဆိုတဲ့ဆောင်ပုဒ် ရှိပါ တယ်။ အဓိပ္ပာယ်က ပြည်သူတွေ ဖြစ်ချင်တဲ့ဆန္ဒ၊ လိုအပ်ချက်တွေကို နောက် ဆုံးမေးခွန်းနဲ့မေးမယ်။ ကတိကဝတ်တွေပြုမယ်။ မေးခွန်းတွေမေးလို့ ကတိ ကဝတ်တွေဖြစ်လာ ပြီဆိုရင် ဒီကတိကဝတ်အတိုင်း သက်ဆိုင်ရာဌာန အစိုးရ က လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါနဲ့မကဘူး။ ဒီထက်ပိုကျယ်ပြန့်တဲ့ ကိစ္စမျိုး ဆိုရင် အဆိုတွေ တင်ပြီး ဆုံးဖြတ်ပြီး စဉ်းစားကြတာရှိပါတယ်။ ဒီထက်ပိုပြီး တိတိကျကျဖြစ်အောင်ဆိုရင် ဥပဒေတွေ ပြဋ္ဌာန်းရတာရှိပါတယ်။ ဥပဒေများ ပြ ဋ္ဌာန်းတဲ့နေရာမှာ ပြည်သူများရဲ့ လိုအပ်ချက် ဆန္ဒနှင့်အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ အုပ်ချုပ်နိုင်ဖို့ပြဋ္ဌာန်းပေးလိုက်တာဖြစ်ပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော်နာယကကဆိုသည်။

No comments:

Post a Comment

back to top