ပေါ်တူဂီ အလားအလာက ရိုနယ်ဒိုအပေါ် မူတည်နေတဲ့ သတင်း

ရီယယ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပေါ်တူဂီ လက်ရွေးစင် ဘောလုံးသမားဟောင်း လူးဝစ်ဖီဂိုက သူတို့အသင်းရဲ့ အလားအလာဟာ ရိုနယ်ဒိုအပေါ် မူတည်ပါတယ်လို့ ဗုဒ္ဒဟူးနေ့က ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့မှာ ပြောကြားပါတယ်။ (၂၀၁၄)ကမ္ဘာ့ဖလားပွဲမှာ အုပ်စုကျပ်ထဲ ရောက်နေတဲ့ ပေါ်တူဂီအသင်းကို ရီယယ်မက်ဒရစ် ကစားသမား ရိုနယ်ဒိုက ဦးဆောင်မှာပါ။ ပေါ်တူဂီအသင်းဟာ အုပ်စု(G)မှာ အမေရိကန်၊ ဂါနာ၊ ဂျာမနီတို့နဲ့ ကစားရမှာပါ။ ဇွန်(၁၆)ရက် ပွဲဦးထွက်မှာပဲ ဥရောပထိပ်တန်း အသင်းဂျာမနီနဲ့ ကစားရပါမယ်။ ဒါကြောင့် ဖီဂိုက "အဲဒီပွဲက ခက်ခက်ခဲခဲ ကစားရမယ့်ပွဲပါ။ ကမ္ဘာ့ဖလား ပွဲမှာကတော့ အသင်းတိုင်း လွယ်မှာမဟုတ်ပါဘူး။ အသင်းအားလုံး အားသာချက်၊ အားနည်းချက်တွေ ရှိတာပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့်အသင်းကို ချန်ပီယံ ဖြစ်နိုင်တယ်လို့ အမြဲတွေးထားပါတယ်။ ပြိုင်ဘက်တိုင်းကို အနိုင်ရမယ်လို့လည်း တွက်ထားပါတယ်။ ဒါပေမယ့် အဲဒီ မျှော်လင့်ချက်တွေက ရိုနယ်ဒိုအပေါ် မူတည်နေပါတယ်"လို့ ပြောပါတယ်။
No comments:
Post a Comment